
မန္တလေးတိုင်း၊ မြင်းခြံခရိုင်၊ တောင်သာမြို့နယ်အတွင်း ဖြစ်ပွားခဲ့တဲ့ ပဋိပက္ခအတွင်း ဆုတ်ခွာသွားတဲ့ PLA စခန်းတွေမှာ မိုင်းထောင်ထားခဲ့တာကြောင့် ပြည်သူ့ကာကွယ်ရေးတပ်မတော် (PDF) ရဲဘော် ၄ ယောက် မိုင်းဒဏ်ရာနဲ့ ကျဆုံးခဲ့ရတယ်လို့ (NUG) ကာကွယ်ရေးဝန်ကြီးဌာန၊ PDF စစ်ရုံးချုပ်က ဇွန် ၂၃ မှာ ထုတ်ပြန်ပါတယ်။
NUG ရဲ့ ထုတ်ပြန်ချက်အရ PLA အဖွဲ့ဟာ ဒေသခံ အမျိုးသားတယောက်ကို ဖမ်းဆီးပြီး ငွေကျပ် သိန်း ၂၀၀၀ ခြိမ်းခြောက်ငွေညှစ်ခဲ့တာကြောင့် သွားရောက်ညှိနှိုင်းခဲ့ရတာဖြစ်ပြီး အဆိုပါ အမျိုးသားကို ရိုက်နှက်ဒဏ်ရာတွေနဲ့ ပြန်လွှတ်ပေးခဲ့ပြီးနောက် သူတို့ဆုတ်ခွာသွားတဲ့ စခန်းတွေကို NUG ဘက်က ဝင်ရောက်ခဲ့တာလို့ ဆိုပါတယ်။
အဲ့ဒီလို ဝင်ရောက်ချိန်မှာ ရဲဘော်တွေ အိပ်တဲ့ အိပ်ဆောင်နေရာတွေမှာ PLA ဘက်က မိုင်းတွေ ထောင်ထားခဲ့တာကြောင့် PDF ရဲဘော် ၄ ယောက် ကျဆုံးကာ အများအပြား ထိခိုက်ဒဏ်ရာရရှိခဲ့တာလို့ ထုတ်ပြန်ပါတယ်။
တဖက်မှာလည်း PLA ဘက်က အဆိုပါစခန်းဝင်စီးမှုနဲ့ ပတ်သက်ပြီး NUG လက်အောက်ခံအဖွဲ့တွေက သူ့တို့စခန်းတွေကို အင်အားသုံး မတရားဝင်ရောက်စီးနင်းတာ၊ ပိတ်ဆို့တာနဲ့ ရဲဘော်တွေရဲ့ မိသားစုဝင်တွေကို သေနတ်နဲ့ ခြိမ်းခြောက်ဖမ်းဆီးတာတွေ လုပ်ဆောင်ခဲ့တာလို့ ထုတ်ပြန်ထားပါတယ်။
လက်ရှိမှာတော့ တော်လှန်ရေးတပ်ဖွဲ့အချင်းချင်းအကြား မြေပြင်ပဋိပက္ခဟာ PDF ရဲဘော် ၄ ယောက် ကျဆုံးမှုနဲ့အတူ နှစ်ဖက် အပြန်အလှန်စွပ်စွဲထုတ်ပြန်ထားတဲ့အခြေအနေပဲ ဖြစ်ပါတယ်။










