DVB Logo
Home
မြန်မာသတင်း
PLA နှင့် NUG တပ်များ အပြန်အလှန်စွပ်စွဲ ပဋိပက္ခဖြစ်ပွား၊ ညှိနှိုင်းဆွေးနွေးရန် တိုက်တွန်း 
DVB
·
June 23, 2026
Photo : DVB
Photo : DVB
Donate to DVB

မန္တလေးတိုင်း၊ မြင်းခြံခရိုင်၊ တောင်သာမြို့နယ်မှာ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) လက်အောက်ခံတပ်ဖွဲ့တွေနဲ့ ပြည်သူ့လွတ်မြောက်ရေးတပ်မတော် (PLA) တို့ကြား အရပ်သား ယောက်ကို ဖမ်းဆီးမှုကနေ အစပြုပြီး အပြန်အလှန် စွပ်စွဲမှုတွေနဲ့ ပဋိပက္ခတွေ ဖြစ်ပွားနေပါတယ်။

NUG ကာကွယ်ရေးဝန်ကြီးဌာနရဲ့ ထုတ်ပြန်ချက်အရ ပြီးခဲ့တဲ့ မေ ၂၆ ရက်မှာ PLA တပ်ဖွဲ့ဝင်တွေဟာ ဝဲလောင်ရွာက အရပ်သားတယောက်ဖြစ်တဲ့ ဦးသန်း (အမည်လွှဲ) ကို ဒလန်လို့ စွပ်စွဲဖမ်းဆီးပြီး ငွေကျပ် သိန်း ၂,၀၀၀ နဲ့ ပြန်ပေးဆွဲ ခြိမ်းခြောက်ခဲ့တယ်လို့ ဆိုပါတယ်။

ဒါပေမဲ့ PLA ဘက်ကတော့ ဦးသန်းဟာ စစ်တပ်သတင်းပေးဖြစ်ကြောင်းနဲ့ ငွေညှစ်တယ် ဆိုတာကလည်း တရားခံရဲ့ ဇနီးဖြစ်သူဘက်က ငွေနဲ့လာရောက်ညှိနှိုင်းခဲ့တာလို့ တုံ့ပြန်ပါတယ်။

ဖမ်းဆီးခံရသူကို ဇွန် ၂၂ ရက်မှာ ပြန်လွှတ်ပေးပေမဲ့ ဝဲလောင်နဲ့ ရွာသစ်ကြားမှာ ရိုက်နှက်ထားတဲ့ ဒဏ်ရာတွေနဲ့ သတိလစ်လျက် ပြန်တွေ့ခဲ့ပြီး သိမ်းဆည်းထားတဲ့ ပစ္စည်းတွေကိုလည်း ပြန်မအပ်သေးဘူးလို့ NUG ဘက်က ဆိုပါတယ်။

ဒီနောက်ပိုင်း NUG လက်အောက်ခံတပ်တွေက နေထိုင်ခြင်းမရှိတော့တဲ့ PLA စခန်း တချို့ဆီကို ဝင်ရောက်ရာမှာ မိုင်းပေါက်ကွဲပြီး PDF ရဲဘော် ၄ ယောက် ကျဆုံးခဲ့ရပါတယ်။

ဒါ့အပြင် PLA တပ်တွေကို မြင်းခြံခရိုင်ကနေ (လုံးဝ) ထွက်ခွာပေးဖို့ တောင်းဆိုထားတဲ့ အကြောင်းနဲ့ ပတ်သက်လို့ PLA ပြောခွင့်ရသူ ရဲဘော်ဝေယံဖြိုးမိုးက “ကျနော်တို့အနေနဲ့ စခန်းလုံခြုံရေးအရ ထားထားတဲ့ မိုင်းတွေပဲ ဖြစ်တယ်။ အဲဒါက သူတို့ကို ကျနော်တို့က ခေါ်ပြီးတော့ တမင် မိုင်းထောင်ပြီး တိုက်ခိုက်ခဲ့တဲ့ အခြေအနေတော့ မဟုတ်ပါဘူးပေါ့နော်။ အဲဒီအတွက် ထိခိုက်ကျဆုံးမှုတွေ ရှိခဲ့တယ်ဆိုတဲ့ အခြေအနေနဲ့ ပတ်သက်ပြီးတော့လည်း ကျဆုံးသွားတဲ့ ရဲဘော်တွေအတွက်ရော၊ တော်လှန်ရေးအတွက်ရော တော်တော်လေး စိတ်ထိခိုက် ဝမ်းနည်းရတဲ့ အခြေအနေမှာ ရှိတယ်ဗျ။ လောလောဆယ်မှာတော့ ထိပ်တိုက်မတွေ့အောင်တော့ ကျနော်တို့ကတော့ ရှောင်ရှားနေတဲ့ အခြေအနေမှာ ရှိတယ်ပေါ့နော်။ ကျနော်တို့ မြင်းခြံခရိုင်ထဲကနေ PLA တပ်တွေ လုံးဝ ထွက်ခွာသွားပေးဖို့ဆိုတဲ့ ကိစ္စကတော့ ကျနော်တို့အနေနဲ့ မြို့နယ်၊ ခရိုင်အဆင့်နဲ့ အဆင်မပြေရင် တခြားသော ဘယ်အဆင့်တွေနဲ့ ညှိနှိုင်းလို့ အဆင်ပြေနိုင်မလဲ ဆိုတဲ့ လမ်းကြောင်းတွေ ရှာဖွေပြီးတော့ ဆက်ပြီးတော့‌ ဆွေးနွေးသွားဖို့ သဘောထားရှိတယ်ပေါ့နော်” လို့ ပြောပါတယ်။

အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ဘက်ကတော့ PLA အနေနဲ့ ဒေသတွင်း တည်ဆဲဥပဒေတွေကို လေးစားလိုက်နာဖို့ တောင်းဆိုထားသလို စခန်းတွေမှာ မိုင်းထောင်ခဲ့တဲ့ လုပ်ရပ်အပေါ် ပြင်းပြင်းထန်ထန် ကန့်ကွက်ထားပါတယ်။

ဒီကိစ္စတွေနဲ့ပတ်သက်လို့ DVB က NUG ပြောခွင့်ရသူတွေဆီ စာပေးပို့ မေးမြန်းပေမဲ့ သတင်းရေးသားချိန်ထိ ပြန်ဖြေတာ မရှိသေးပါဘူး။

တဖက်မှာလည်း တော်လှန်ရေးအင်အားစုအချင်းချင်းကြား လက်နက်အင်အားမသုံးဘဲ မဟာမိတ် နည်းလမ်းဖြင့်သာ ဖြေရှင်းကြဖို့ တော်လှန်ရေးအင်အားစု ၄၆ ဖွဲ့ထက်မနည်းက မတ်လ ကတည်းက ပူးတွဲကြေညာချက် ထုတ်ပြန် တိုက်တွန်းခဲ့ဖူးပါတယ်။

ဒီလို ပဋိပက္ခတွေနဲ့ပတ်သက်ပြီး ပူးတွဲကြေညာချက် ထုတ်ခဲ့တဲ့ အဖွဲ့ထဲက တခုဖြစ်တဲ့ Sisters2Sisters အဖွဲ့ ဒါရိုက်တာဖြစ်သူ မသင်ဇာရွှန်းလဲ့ရည်က အခုလို သုံးသပ်ပါတယ်။

“ကျမတို့ လက်နက်ကိုင်တော်လှန်ရေးကို စတဲ့ နောက်ဆက်တွဲမှာဆိုရင် အတွေးအခေါ်၊ အယူဝါဒနဲ့ မောင်းနှင်ကြတာ ဖြစ်တယ်ဆိုရင် အတွေးအခေါ် အယူဝါဒမှာမှ ကျမတို့ စည်းလုံးရေးသည် အထက်မြတ်ဆုံးသော လက်နက်တခု ဖြစ်တယ်။ စည်းလုံးရေးလို့ပြောရင် ရန်သူတထောင်တောင်မှ ကျမတို့ စည်းရုံးဖို့ ကြိုးစားနေတဲ့ အချိန်ဖြစ်တယ်။ စစ်သားတွေ၊ ရဲတွေ ဘက်ပြောင်းလာတဲ့သူတွေကို ကျမတို့ သဘောထားကြီးကြီးနဲ့ စစ်သုံ့ပန်းတွေကိုတောင် ထမင်းကျွေးမွေးပြီး အသက်ရှင်အောင် ရန်သူကို စည်းရုံးနေရတဲ့ အချိန်ဖြစ်တယ်။ ဒီလို စည်းရုံးရေးနည်းနာကို ဆက်တိုက်ကိုင်ဆွဲကြတယ်ဆိုရင် ကျမတို့ မဟာမိတ်တွေအချင်းချင်း တော်လှန်ရေးမှာ ပါဝင်နေကြတဲ့ ရန်သူကိုတိုက်နေကြတဲ့ စစ်အုပ်စုကို တော်လှန်နေကြတဲ့ အုပ်စုတွေအချင်းချင်း မစည်းရုံးနိုင်စရာ အကြောင်းမရှိဘူး။ မညှိနှိုင်း မဆွေးနွေးနိုင်စရာ အကြောင်းမရှိဘူး။ အဲဒီ ညှိနှိုင်းဆွေးနွေးမှု နိုင်ငံရေးဖြစ်စဉ်ကို တစိုက်မတ်မတ် လုပ်စေချင်တယ်။”

NUG အပါအဝင် အင်အားစုအသီးသီးမှာရှိကြတဲ့ အရပ်သား နိုင်ငံရေးအင်အားစု ခေါင်းဆောင်တွေ အနေနဲ့ ဒီလို လက်နက်ကိုင်အဖွဲ့တွေကြားမှာ ဖြစ်တဲ့ ပြဿနာတွေကို ဝင်ရောက် ဖြေရှင်းပေးသင့်တယ်လို့လည်း သူက ထောက်ပြပါတယ်။

လက်ရှိမှာတော့ NUG ကာကွယ်ရေးဝန်ကြီးဌာနက PLA အနေနဲ့ ဒေသတွင်း တည်ဆဲဥပဒေတွေကို လေးစားလိုက်နာဖို့ တောင်းဆိုထားသလို PLA ဘက်ကလည်း မဟာမိတ်အချင်းချင်း အင်အားသုံး ဖြေရှင်းတာကို ရှုတ်ချပြီး ညှိနှိုင်းဆွေးနွေးရေးမူကိုသာ ဆက်လက်ကိုင်စွဲထားတယ်လို့ ဆိုပါတယ်။

စိုးသူအောင်

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013