
ရိုမေးနီးယားနိုင်ငံမှာ ပြင်းထန်တဲ့ ရေကြီးမှုတွေကြောင့် ဥရောပတိုက်ရဲ့ အကြီးဆုံး ဆားသိုက်တွေထဲက တခုဖြစ်တဲ့ ပရေ့ဒ် ဆားမိုင်း ပျောက်ပျက်ရတော့မယ့် အန္တရာယ်နဲ့ ကြုံတွေ့နေရပါတယ်။
ဟာဂီးတာခရိုင်ရှိ အဲဒီဆားမိုင်းမှာ နှစ်စဉ် ကမ္ဘာလှည့်ခရီးသွား သန်းဝက်လောက်ကို ဆွဲဆောင်နိုင်တဲ့ ဆားကျောက်ကို ထွင်းထုထားတဲ့ ဘုရားရှိခိုးကျောင်းနဲ့ ကမ္ဘာ့ပထမဆုံး စွန့်စားခန်းကစားကွင်း အပါအဝင် ထူးထူးခြားခြား ဆားနဲ့ အလှဆင်ဖန်တီးထားတဲ့ ပြခန်းတွေလည်း ရှိတဲ့နေရာ ဖြစ်ပါတယ်။
နှစ်ပေါင်း ၃၀ အတွင်း ရိုမေးနီးယားနိုင်ငံမှာ ဖြစ်ပွားနေတဲ့ အဆိုးရွားဆုံး ရေကြီးမှုကြောင့် ဆားမိုင်းအနီးနားရှိ ချောင်းတွေ မြင့်တက်လာပြီး ဆားမိုင်းတွင်းရဲ့ တစိတ်တပိုင်းကို ရေလျှံလာလို့ ပရေ့ဒ် ဆားမိုင်းကိုလည်း ပိတ်ထားရပါတယ်။
မြေအောက် ၁၂၀ မီတာအနက်မှာ တည်ရှိတဲ့ စွန့်စားခန်းကစားကွင်းနဲ့ တခြား အဆောက်အအုံတွေကို ထိခိုက်နိုင်မယ့်အန္တရာယ် ရှိနေတာကြောင့် အာဏာပိုင်တွေဟာ ရေလွှမ်းမိုးမှုကို ထိန်းချုပ်ဖို့ ကြိုးပမ်းနေပြီး ဆားမိုင်းထိခိုက်နိုင်မှုကို လျှော့ချဖို့ လုပ်ဆောင်နေတာပါ။
ဇွန် ၃ ရက်မှာတော့ အာဏာပိုင်တွေဟာ ဆားမိုင်းတွင်း ရေလျှံမှုထပ်မဖြစ်အောင် ချောင်းကို ရေလမ်းကြောင်း ပြောင်းပေးခဲ့ပါတယ်။
အခုလက်ရှိ ရေကြီးမှုကြောင့် ဆယ်စုနှစ်များစွာ ဆားတွင်းတဝိုက်မှာ ဗဟိုပြုပြီး ခရီးသွားလုပ်ငန်းကို မှီခိုအားထားနေရတဲ့ ပရေ့ဒ်မြို့မှ ဒေသခံတွေရဲ့ အသက်မွေးဝမ်းကြောင်းနဲ့ ခရီးသွားလုပ်ငန်းကို ထိခိုက်ပျက်စီးနိုင်ခြေ ရှိနေပါတယ်။
Source: Reuters