
ပူးပေါင်းဆောင်ရွက်မှု တိုးမြှင့်ရေးနဲ့ ယုံကြည်မှု မြှင့်တင်ရေးအတွက် နိုင်ငံတကာလုံခြုံရေး ဖိုရမ်တွေကို အသုံးပြုဖို့ ဗီယက်နမ် ကာကွယ်ရေးဝန်ကြီး ဖန်ဗန်ဇန်းက နိုင်ငံတကာ အသိုက်အဝန်းကို တိုက်တွန်းလိုက်ပါတယ်။
စင်ကာပူနိုင်ငံမှာ စနေနေ့က ကျင်းပတဲ့ ၂၀၂၅ ရှန်ဂရီလာ ဒိုင်ယာလော့ခ်ဆွေးနွေးပွဲမှာ ခုလို ပြောလိုက်တာပါ။
ပထဝီနိုင်ငံရေး တင်းမာမှုတွေကြားကနေ အာရှတိုက်ရဲ့ ကာကွယ်ရေးနဲ့ လုံခြုံရေး ထိပ်သီးဆွေးနွေးပွဲကို သောကြာနေ့ကနေ တနင်္ဂနွေနေ့အထိ ကျင်းပခဲ့တာပါ။
ကာကွယ်ရေးဝန်ကြီး ဖန်ဗန်ဇန်းက “နှစ်နိုင်ငံနဲ့ ဘက်စုံအဆင့်တွေမှာ ထိရောက်တဲ့ ပူးပေါင်းဆောင်ရွက်မှု ယန္တရားတွေကို ထူထောင်ပြီး အကောင်အထည်ဖော်သင့်တယ်။ ရှန်ဂရီလာ ဒိုင်ယာလော့ခ်၊ ပေကျင်း ရှန့်ရှန်း ဖိုရမ်၊ မော်စကို နိုင်ငံတကာလုံခြုံရေး ကွန်ဖရန့်စ်နဲ့ မြူးနစ်ချ် လုံခြုံရေးကွန်ဖရန့်စ်တို့ အပါအဝင် လုံခြုံရေးဆိုင်ရာ အခမ်းအနားတွေဟာ ဗျူဟာမြောက် အရေးပါတဲ့ အခင်းအကျင်းတွေပါ။ ဒီဖိုရမ်တွေဟာ အကြံဉာဏ်တွေ ဖလှယ်ရေး၊ အပြန်အလှန် နားလည်မှုတွေ နက်နက်ရှိုင်းရှိုင်း ရှိစေရေးနဲ့ ပူးပေါင်းဆောင်ရွက်မှုတွေကို မြှင့်တင်ပေးနိုင်မယ်လို့ ယုံကြည်ပါတယ်” လို့ အစည်းအဝေး ဒုတိယပိုင်းမှာ ပြောပါတယ်။
၂၀၂၅ ရှန်ဂရီလာ ဒိုင်ယာလော့ခ်မှာ ဝန်ကြီးအဆင့် ကိုယ်စားလှယ် အယောက် ၄၀၊ ကာကွယ်ရေးဦးစီးချုပ်အဆင့် ကိုယ်စားလှယ် အယောက် ၂၀၊ အကြီးတန်းကာကွယ်ရေးအရာရှိ အယောက် ၂၀ ကျော်နဲ့ ထင်ရှားတဲ့ပညာရှင်တွေ အပါအဝင် နိုင်ငံပေါင်း ၄၇ နိုင်ငံက ကိုယ်စားလှယ်တွေ တက်ရောက်ခဲ့တယ်လို့ စင်ကာပူ ကာကွယ်ရေးဝန်ကြီးဌာန ကြေညာပါတယ်။
Source: Reuters