
ထိုင်း- မြန်မာနယ်စပ်အနီးက မြဝတီတောင်ဘက်ရှိ စစ်ကောင်စီတပ်ရဲ့ သေ့ဘောဘိုးစခန်းကို ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNLA) နဲ့ PDF တပ်ပေါင်းစုတွေက ထိုးစစ်ဆင် တိုက်ခိုက်နေတာမှာ ဇွန် ၃ ရက်မှာ စခန်းကုန်းအနောက်ဘက်မှ ကုန်းတခုကို သိမ်းပိုက်နိုင်ခဲ့တယ်လို့ ကရင်စစ်ရေးသတင်းရင်းမြစ်ကနေ သိရပါတယ်။
တိုက်ပွဲမှာ ဒရုန်းနဲ့ ဗုံးကြဲတိုက်ခိုက်တာတွေအပြင် အနီးကပ် တိုက်ပွဲတွေပါ အပြင်းအထန် ဖြစ်ပွားနေပြီး စစ်ကောင်စီဘက်က ပစ်ခတ်တဲ့ လက်နက်ငယ် ကျည်ဆန်တချို့ ထိုင်းနိုင်ငံဘက်ကို ကျရောက်တာရှိတယ်လို့ ဒေသခံတယောက်က ပြောပါတယ်။
သေ့ဘောဘိုးစခန်းဟာ မြန်မာ-ထိုင်းနယ်စပ်နဲ့ တမိုင်လောက်အကွာမှာရှိပြီး စစ်ကောင်စီ တပ်အင်အား ၁၀၀ ကျော်တပ်စွဲထားကာ စစ်ကောင်စီဘက်ကလည်း တိုက်လေယာဉ်နဲ့ စစ်ကူပေးနေပါတယ်။
သေ့ဘောဘိုးစခန်းကို KNLA ဦးဆောင်တဲ့ တပ်ပေါင်းစုတွေက မေ ၂၆ ရက်ကလည်း ဝိုင်းဝန်းပိတ်ဆို့ထားရာက ဇွန် ၂ ရက် မွန်းလွဲ ၃ နာရီလောက်က စတင်ပြီး ထိုးစစ်ဆင် တိုက်ခိုက်နေတာ ဖြစ်ပါတယ်။
ရှေ့တန်းသတင်းရင်းမြစ်က “ကျနော်တို့အဖွဲ့တွေပဲပေါ့။ အဖွဲ့တွေဆိုတာ ဗျူဟာ ၃၂ အဖွဲ့တွေပဲပေါ့။ KNLA နဲ့ ကျနော်(ကော်ဘရာ)တို့ စစ်ကြောင်းတွေပဲ။ PDF ကော ပိုစုံတာပေါ့။ စစ်ကြောင်းတွေ အကုန်ပါတယ်။ စစ်ကောင်စီဘက်က အင်အားက အတိအကျ ပြောမတတ်ဘူး။ ဗျူဟာတော့ မဟုတ်ဘူး။ စခန်းကုန်းပဲ”လို့ ပြောပါတယ်။
တိုက်ပွဲတွေကြောင့် ဆုံဆည်းမြိုင်၊ ဥကရစ်ထ၊ တောင်နီ၊ သေ့ဘောဘိုး၊ ဝါးမီးထကျေးရွာက ဒေသခံ ၂၀၀၀ လောက်ဟာ ထိုင်းနယ်စပ်၊ သောင်းရင်းမြစ်ကမ်းတလျှောက်နဲ့ ဘေးလွတ်ရာ ထွက်ပြေး တိမ်းရှောင်နေရတယ်လို့ ရပ်မိရပ်ဖတွေက ပြောပါတယ်။
ရပ်မိရပ်ဖတယောက်က “ဒီမနက်လည်း အသံတွေ ကြားနေရတယ်။ ဒရုန်းသံတွေ။ ညတုန်းက လေကြောင်း လာသွားတယ်။ အသံတော့ ဘာသံမှ မကြားသေးဘူး။ ဒရုန်းသံကတော့ ကျတာပဲ။ ဒေသခံတွေက ထုံးစံအတိုင်း ဒီဘက်(ထိုင်း) ကမ်းမှာချည်းပဲ နေနေကြတယ်။ မိုးရွာတော့ နေရထိုင်ရတာ လုံခြုံမှု သိပ်မရှိဘူး” လို့ ပြောပါတယ်။
တိုက်ပွဲတွေကြောင့် ထွက်ပြေးတိမ်းရှောင်ခဲ့ကြတဲ့ စစ်ဘေးရှောင် ၄၅၀ ကျော်ကတော့ ထိုင်းနိုင်ငံ တာခ်ရိုင်၊ ဖုတ်မြို့နယ်၊ ဝေါလေကျေးရွာ မောလီချိုင်း ရွာတွေမှာ လက်ရှိ နေထိုင်နေကြရပါတယ်။
စစ်ကောင်စီတပ်က သက်ကြီးရွယ်အို၊ ကလေးငယ်၊ ကျောင်းသားတွေနဲ့ ဘုန်းတော်ကြီးကျောင်းမရှောင် ပစ်ခတ်နေတဲ့အတွက် စစ်ဘေးရှောင်တွေဟာ အိမ်ပြန်ချင်ပေမဲ့ မပြန်ရဲကြသေးဘူးလို့ ယာယီစစ်ရှောင်တယောက်က ပြောပါတယ်။
ထိုင်း-မြန်မာ နယ်စပ်တလျှောက်က စစ်ကောင်စီတပ်စခန်းတွေကို KNLA ဦးဆောင်တဲ့ တပ်ပေါင်းစုတွေက တိုက်ခိုက်သိမ်းပိုက်နေတာမှာ မေ ၂၃ ရက်က ဘလယ်ဒိုတပ်စခန်း၊ မေ ၂၈ ရက်က ကနဲလေးစခန်းနဲ့ မေ ၂၉ ရက်က ဝေါလေဗျူဟာနဲ့ အနီးဆုံးမှာရှိတဲ့ ဘုရင့်နောင်ကုန်း စခန်းတို့ကို တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့ပါတယ်။
အောင်ခန့်/ ဖိုးစီ