
ရှမ်းပြည်နယ်တောင်ပိုင်း၊ မောက်မယ်မြို့နယ်က ပအိုဝ်း အမျိုးသားလွတ်မြောက်ရေးအဖွဲ့ချုပ် (PNLO /PNLA) ဌာနချုပ် ရှိရာနေရာကို စစ်ကောင်စီတပ်က ဇွန် ၂ ရက်မှာ လက်နက်ကြီးနဲ့ ဆက်တိုက်ပစ်ခတ်နေတယ်လို့ PNLO ပြန်ကြားရေးတာဝန်ခံက ပြောပါတယ်။
ဇွန် ၂ ရက်မှာ မောက်မယ်မြို့နယ်၊ ကဒူးကြီးဒေသ PNLO ဌာနချုပ်ကို ဦးတည်ပြီး ဗန်းမတ်ဒေသအတွင်းကို လက်နက်ကြီးနဲ့ ၁၀ ကြိမ်ထက်မနည်း ပစ်ခတ်ခဲ့တယ်လို့ ဆိုပါတယ်။
PNLO ပြန်ကြားရေး တာဝန်ခံက “မနေ့ညက ကျနော်တို့ ဌာနချုပ်ကို တည်ပြီးတော့မှ လက်နက်ကြီးနဲ့ ပစ်လာတာ ၁၀ ကြိမ်ထက် မနည်းဘူးပေါ့လေ။ သူတို့ပါးစပ်ကတော့ အပစ်အခတ်ရပ်စဲရေးလို့ ကြေညာတာပေါ့လေ၊ လက်တွေ့ မြေပြင်မှာက တိုက်ပွဲဖြစ်ပွားမှု၊ ဘာစစ်ရေးလှုပ်ရှားမှုမှ မရှိဘဲနဲ့ တဖက်သတ် လက်နက်ကြီးနဲ့ ပစ်ခတ်တာက အပြောနဲ့ အလုပ် မညီဘူးလို့ ပြောရမှာပေါ့နော်”လို့ ပြောပါတယ်။
စစ်ကောင်စီတပ်က အပစ်အခတ်ရပ်စဲရေးကို ဇွန် ၁ ရက်ကနေ ၃၀ ရက်အထိ တလ သက်တမ်းတိုးတယ်လို့ ထုတ်ပြန်ထားပေမယ့် စစ်ကောင်စီတပ်ရဲ့ တိုင်း၊ ဗျူဟာတွေနဲ့ စစ်တပ်လက်အောက်ခံ PNO ပြည်သူ့စစ်တို့က လိုက်နာမှုမရှိဘဲ ပစ်ခတ်တယ်လို့ ဆိုပါတယ်။
ဇွန်လ ၁ ရက်နေ့မှာလည်း ဆီဆိုင်မြို့နယ်၊ နောင်ထောဝ်ကျေးရွာဘက်ကိုလည်း လက်နက်ကြီးနဲ့ ပစ်ခတ်ခဲ့ပြီး နေအိမ်ထိခိုက်မှု မရှိကိုတော့ ပြန်လည်ဖြေကြားခြင်းမရှိသေးပါဘူး။
၂၀၂၄ ခုနှစ်၊ ဒီဇင်ဘာလ ၃၀ ရက်နေ့မှာ PNLO ဌာနချုပ်ကို စစ်ကောင်စီတပ်က ဂျက်ဖိုက်တာနဲ့ ၄ ကြိမ် ဗုံးကြဲခဲ့လို့ ဆေးပေးခန်းတခု ပျက်စီးခဲ့ရပြီး ၂၀၂၅ ခုနှစ်၊ ဧပြီလ ၂၃ ရက်မှာလည်း ဌာနချုပ်ကို လက်နက်ကြီးနဲ့ ပစ်ခတ်တိုက်ခိုက်တာတွေ ပြုလုပ်ခဲ့ပါသေးတယ်။