
ယူကရိန်းနဲ့ ရုရှားအစိုးရတို့ကြား ငြိမ်းချမ်းရေးဆွေးနွေးပွဲအကြိုကာလမှာ ယူကရိန်းအရှေ့ပိုင်း ခါကိဗ်ဒေသရဲ့ ကောင်းကင်ယံကို ကာကွယ်ဖို့ ယူကရိန်းလေကြောင်းရန် ကာကွယ်ရေးတပ်ဖွဲ့က ရုရှားမောင်းသူမဲ့ လေယာဉ်တွေကို ပစ်ခတ်တိုက်ခိုက်ခဲ့ပါတယ်။
နှစ်ဖက်စလုံးက လေကြောင်းချီတိုက်ခိုက်တာတွေကို အရှိန်မြှင့်လာနေတာပါ။ တခါတလေမှာ လေကြောင်းတိုက်ခိုက်မှု သတိပေးချက် အကြိမ်ပေါင်းများစွာ ထွက်ပေါ်လာတဲ့ ခါကိဗ်ဒေသမှာ တပ်ဖွဲ့ထဲက တပ်ကြပ်ကြီး တယောက်က သူနဲ့ ရဲဘော်တွေဟာ မောင်းသူမဲ့လေယာဉ် အမျိုးအစားအားလုံးကို ပစ်မှတ်ထားလေ့ရှိပြီး ခရုဇ်ဒုံးကျည်တွေကိုပါ ပစ်ချတယ်လို့ ပြောပါတယ်။
ဇွန် ၁ ရက်မှာ ဒီတပ်ဖွဲ့ဟာ ရှဟက်ဒ် ဒရုန်းနှစ်စင်းကို ပစ်ချဖို့ လေယာဉ်ပစ်သေနတ်တွေနဲ့ အသေးစား စက်သေနတ်တွေကို သုံးခဲ့တယ်လို့ စစ်သား တဦးက ပြောပါတယ်။
ခါကိဗ်ဒေသမှာ ရုရှားက ဒရုန်းနဲ့ တိုက်ခိုက်လို့ ကလေး ၂ ယောက် ဒဏ်ရာရခဲ့တယ်လို့ ဒေသန္တရ အုပ်ချုပ်ရေးမှူး အိုလာစီညေဟူဘောဗ်က ဇွန် ၂ ရက်မှာ Telegram လူမှုကွန်ရက်ပေါ်ကနေ ပြောပါတယ်။
ဇွန် ၁ ရက် ညက တိုက်ခိုက်မှုတခုမှာ ရုရှားက ယူကရိန်းဆီ မောင်းသူမဲ့လေယာဉ် ၄၇၂ စင်းကို ပစ်လွှတ်ခဲ့တယ်လို့ ယူကရိန်းလေတပ်က တနင်္ဂနွေနေ့မှာ ပြောပါတယ်။ စစ်ပွဲကာလမှာ အခုအချိန်အထိ တညတာအတွင်း စုစုပေါင်းပစ်လွှတ်မှု အများဆုံး အရေအတွက်လည်း ဖြစ်ပါတယ်။
တချိန်တည်းမှာ ယူကရိန်းဟာ ဆိုက်ဘေးရီးယားဒေသထဲက ရုရှားစစ်အခြေစိုက်စခန်းတခုမှာ ရပ်ထားတဲ့ ရုရှား နျူကလီးယားလက်နက် သုံးနိုင်တဲ့ တာဝေးပစ်ဗုံးကြဲလေယာဉ်တွေကို တိုက်ခိုက်ခဲ့တယ်လို့ ယူကရိန်းထောက်လှမ်းရေးအရာရှိက ပြောပါတယ်။
ဒီတိုက်ခိုက်မှုကို ခါကိဗ်ဒေသ လေကြောင်းရန်ကာကွယ်ရေးတပ်ဖွဲ့က စစ်သားတွေက ချီးကျူးခဲ့ပြီး စစ်ဆင်ရေးဟာ သူတို့ရဲ့ စိတ်ဓာတ်ကို မြှင့်တင်ပေးခဲ့တယ်လို့ ပြောခဲ့ပါတယ်။
Source: Reuters