
ခင်ပွန်းဟောင်းရဲ့ မိသားစုဝင် ၃ ယောက်ကို အဆိပ်ရှိမှိုကျွေးပြီး သတ်ဖြတ်တယ်လို့ စွပ်စွဲခံထားရတဲ့ အမျိုးသမီးဟာ ဇွန် ၂ ရက်က ဩစတြေးလျနိုင်ငံက တရားရုံးတရုံးမှာ ထပ်မံ ထွက်ဆိုခဲ့ပါတယ်။
အသက် ၅၀ အရွယ် အီရင်ပက်တာဆန်ဟာ ခင်ပွန်းဟောင်းရဲ့ မိဘတွေဖြစ်တဲ့ အသက် ၇၀ အရွယ်တွေ ဖြစ်ကြတဲ့ ဒွန်နဲ့ ဂေးလ်ပက်တာဆင်၊ ယောင်းမဟောင်း ဟီသာဝီလ်ကင်ဆင်တို့ကို အဆိပ်ခတ်သတ်ဖြတ်မှု၊ ယောင်းမဟောင်းရဲ့ ခင်ပွန်း အီယန်ဝီလ်ကင်ဆန်ကို သတ်ဖြတ်ရန် ကြိုးစားမှုတွေနဲ့ စွဲချက်တင်ခံထားရတာဖြစ်ပါတယ်။
၂၀၂၃ ခုနှစ် ဇူလိုင် ၂၉ ရက်မှာ အဲဒီအမျိုးသမီးဟာ ခင်ပွန်းဟောင်းမိသားစုတွေကို အမဲသား၊ အာလုံးနဲ့ ပဲစိမ်း ဟင်းတွေကျွေးမွေးခဲ့တာဖြစ်ပါတယ်။
နောက်တနေ့မှာ ဧည့်သည် ၄ ယောက်စလုံး ဆေးရုံတင်ခဲ့ရပြီး အမဲသားနဲ့ အချိုပွဲတွေမှာ ပါဝင်တဲ့ သေစေနိုင်တဲ့ မှို တမျိုးပါဝင်နေတာကြောင့် ဖြစ်ပါတယ်။
ယောင်းမရဲ့ ခင်ပွန်းဖြစ်သူ တယောက်သာ အသည်းအစားထိုးလိုက်နိုင်လို့ အသက်ရှင်ကျန်ခဲ့တာ ဖြစ်ပါတယ်။
ဗစ်တိုးရီးယားပြည်နယ်မှာ အမြင့်ဆုံးပြစ်ဒဏ်ဟာ တသက်တကျွန်းဖြစ်တဲ့အတွက် အီရင်ပက်တာဆင်ဟာ ပြစ်မှုထင်ရှားရင် ထောင်ဒဏ် ၂၅ နှစ်အထိ ကျခံရနိုင်ပါတယ်။
သူ့ရှေ့နေဖြစ်သူကတော့ အဆိပ်သင့်တဲ့ ဖြစ်စဉ်ဟာ မတော်တဆသာဖြစ်တယ်လို့ လျှောက်လဲ ထားခဲ့ပါတယ်။
သူဟာ စွဲချက်တွေအားလုံးအတွက် အပြစ်မရှိကြောင်း မေလ ကတည်းက ထွက်ဆိုထားတာ ဖြစ်ပြီး ဇွန် ၂ ရက်မှာတော့ တရားခံပြသက်သေအဖြစ် ထပ်မံထွက်ဆိုခဲ့တာဖြစ်ပါတယ်။
အီရင်ပက်တာဆင်က သူ့ကိုယ်ရေးကိုယ်တာအခက်အခဲတွေအကြောင်းပြောသွားခဲ့ပြီး နောက်ပိုင်း ကာလမှာ ခင်ပွန်းဟောင်းမိသားစုနဲ့ ဆက်ဆံရေးဝေးကွာလာခဲ့ကြောင်း၊ တွေ့ဖြစ်တာ နည်းသွား ကြောင်း ပြောကြားခဲ့ပါတယ်။
ဂျူရီ ၁၄ ယောက်ပါအဖွဲ့ထံကို သက်သေတင်ပြမှုတွေ ဇွန် ၂ ရက်မှာ ပြီးစီးခဲ့ပြီး အမှုကို ဆက်လက်စစ်ဆေးမှာဖြစ်ပါတယ်။
Source: Reuters