
မိတ္ထီလာမြို့အဝင် တိုးဂိတ်မှာ ပြည်သူ့စစ်ခေါင်းဆောင် အငြိမ်းစားတပ်ကြပ်ကြီး ဇော်ယုထွန်းနဲ့ စကားများ ရန်ဖြစ်ခဲ့တဲ့ မလှိုင်မြို့နယ်က စီမံအဖွဲ့ဝင် (၁) ဗိုလ်မှူးဝေဖြိုး ကို မိတ္ထီလာတပ်နယ်မှူးက မိတ္ထီလာခရိုင်ပြည်သူ့စစ်အဖွဲ့ကို ဦးဆောင်ဖို့ တာဝန်ပေးလိုက်တယ်လို့ သိရပါတယ်။
မိတ္ထီလာခရိုင်ထဲမှာရှိတဲ့ မိတ္ထီလာ၊ မလှိုင်၊ ဝမ်းတွင်းနဲ့ သာစည်မြို့နယ်က ပြည်သူ့စစ်အဖွဲ့တွေကို ဌာနဆိုင်ရာနဲ့ ချိတ်ဆက်ပြီး အလုပ်လုပ်ရာမှာ အမှားကင်းနိုင်ရေးအတွက် တပ်နယ်မှူး ဗိုလ်မှူးချုပ်ဇော်မင်းဦးက ဇွန် ၁ ရက်က ခန့်ထားတာလို့ အုပ်ချုပ်ရေးနဲ့နီးစပ်သူတယောက်က ပြောပါတယ်။
“တပ်က အရာရှိတွေနဲ့ ပြည်သူ့စစ်အဖွဲ့တွေကြားမှာ ပြဿနာတွေတက်နေလို့ စည်းရုံးရေးအနေနဲ့ ကက(ပြည်) က ဆက်ဆံရေးပြေပြစ်တဲ့ အရာရှိတဦးကို ခန့်ခိုင်းတာ တပ်နယ်မှူးက ဘယ်လောက်ရလဲမသိဘူး။ မလှိုင်က ဗိုလ်မှူးဖြိုးဝေကို တာဝန်ပေးလိုက်တယ်။ အဲဒီသတင်းသာ မှန်ရင် ပြည်သူ့စစ်အဖွဲ့တွေ အကုန်ထွက်မှာ။”
မိတ္ထီလာမြို့အဝင် တိုးဂိတ်မှာ မတ် ၂၉ ရက်က ကားမှန်တံခါးချခိုင်းတဲ့ကိစ္စနဲ့ ပတ်သက်ပြီး ပြည်သူ့စစ်အဖွဲ့တွေကို သေနတ်၊ လက်ပစ်ဗုံးတွေနဲ့ ခြိမ်းခြောက်ခဲ့ပေမဲ့ ဗိုလ်မှူးဝေဖြိုးက ဘာမှမဖြစ်ဘဲ ပြည်သူ့စစ်ခေါင်းဆောင်ကို ပုဒ်မ ၂ နဲ့ အမှုဖွင့်စစ်ဆေးနေတယ်လို့ ပြည်သူ့စစ်အဖွဲ့ဝင်တယောက်က ပြောပါတယ်။
“ဒီနေ့ရုံးချိန်းမှာ ပုဒ်မ ၅၀၅ (က)၊ ပုဒ်မ ၆၆ (ဃ) အပြင် အခြားပုဒ်မနဲ့ဆွဲဖို့ပါ တပ်နယ်ဘက်က ထပ်စွဲဖို့ လုပ်နေတယ်။ နောက်ရုံးချိန်းမှာ ပုဒ်မ ၂ ခုအတွက် အမိန့်ချမယ်။ ပြီးရင် နောက်အမှုအတွက် ထပ်စစ်မယ် ပြောတယ်။”
မိတ္တီလာခရိုင် ၄ မြို့နယ်အတွင်း ပြည်သူ့စစ်အင်အား ၂၀၀ ကျော်ရှိပြီး အဲဒီပြည်သူ့စစ်အဖွဲ့တွေကို မလှိုင်မြို့နယ် စီမံအဖွဲ့ဝင် (၁) ဗိုလ်မှူးဝေဖြိုး က ဦးဆောင်မှာဖြစ်ပါတယ်။