
မန္တလေး အိုးဘိုအကျဉ်းထောင်ကနေ ဇွန် ၃ ရက် မနက် ၉ နာရီခွဲမှာ အကျဉ်းသားတယောက် ခြေချင်းနဲ့ ထွက်ပြေးသွားတာကြောင့် ရဲတွေနဲ့ အကျဉ်းထောင်ဝန်ထမ်းတွေ လိုက်ရှာနေတယ်လို့ မြင်တွေ့သူတွေဆီက သိရပါတယ်။
အိုးဘိုအကျဉ်းထောင်နဲ့ကပ်လျက် စီမံကိန်းရုံးနဲ့ လျှပ်စစ်ဓာတ်အားခွဲရုံဝင်းထဲကို ထောက်ဖောက် ထွက်ပြေးလာတဲ့ အကျဉ်းသားက စီမံကိန်းရုံးဝန်ထမ်းရဲ့ ဆိုင်ကယ်ကို ခိုးယူနေစဉ် ဝန်ထမ်းက အော်ဟစ်အကူအညီတောင်းရာက အကျဉ်းသားလည်း ခြေကျင် ထွက်ပြေးသွားတာလို့ ဆိုပါတယ်။
မြင်တွေ့သူတဦးက “ထောင်ဘက်ကနေ စီမံကိန်းမန်နေဂျာရုံးဘက်ကို ထွက်ပြေးတာ။ မန္တလေး ပင်မလျှပ်စစ်ဓာတ်အားပေးစက်ရုံနဲ့ ဆက်ထားတဲ့ လျှပ်စစ်ရုံး အကျယ်ကြီးပဲ။ ထောင်နံရံတခုက ငလျင်ကြောင့် ပြိုနေတာ။ အဲဒါကို အကျဉ်းသားတွေ ပြင်နေချိန် ထွက်ပြေးတာ။ ပြင်နေတာ မပြီးသေးဘူး။ စီမံကိန်းရုံးနဲ့ ထောင်က ဘေးကပ်လျက်ပဲ။ ကြားမှာ ရထားသံလမ်းပဲရှိတယ်” လို့ ပြောပါတယ်။
ထွက်ပြေးလွတ်မြောက်သွားတဲ့ အကျဉ်းသားဟာ ဘာအမှုနဲ့ ထောင်ကျနေတယ်ဆိုတာကိုတော့ မသိရသေးသလို ထွက်ပြေးလွတ်မြောက်သွားပြီးနောက်မှာ ထောင်ဝန်ထမ်းတွေက အကျဉ်းသားလူစာရင်းကို စစ်ဆေးတာ၊ ရဲအင်အားတွေနဲ့ လိုက်ရှာနေပေမဲ့ မတွေ့သေးဘူးလို့ ဆိုပါတယ်။
ဒေသခံတယောက်က “အစက လူစိမ်းဝင်လာလို့ ခွေးဟောင်တာလို့ ထင်တာ။ ကြည့်လိုက်တော့ ထောင်ဝတ်စုံနဲ့ ဘယ်လို ကျော်လာလဲမသိဘူး။ ထောင်ဘက်ကနေ ရထားသံလမ်းကျော်လိုက်ရင် စီမံကိန်းရုံးဘက်ကို ရောက်တယ်။ ကြိုတင်ကြံစည်ထားပုံလည်း ရတယ်။ အခု တဝင်းလုံးကို ပတ်ရှာနေကြတယ်။ အင်အားပါ ထပ်တိုးတယ်” လို့ ပြောပါတယ်။
အဆိုပါအကျဉ်းသားဟာ အကျဉ်းသားဝတ်စုံကို ချွတ်ပြီး ဝန်ထမ်းတွေ လှန်းထားတဲ့ အဝတ်ကို ယူဝတ်ပြီး ထွက်ပြေးသွားတာလို့ ထောင်အနီးအနားမှာ နေထိုင်သူတယောက်က ပြောပါတယ်။
“အကျဉ်းသားက အင်္ကျီလဲတာလည်း မြင်တယ်။ ဆိုင်ကယ်တစီးကိုခွ ဇက်သော့ကို ချိုးတော့ ဝန်ထမ်းက အော်တာ။ အကျဉ်းသားက ခဲကြီးကောက်ကိုင်ထားတော့ ဝန်ထမ်းလည်း တယောက်တည်း မဆင်းရဲဘူး။ အပေါ်ထပ်ကနေ အော်တာ။ အကုန်လုံးထွက်လာတော့ အရှေ့မှာ ဘောလုံးကွင်း ရှိတယ်။ အဲဒါကို တည့်တည့် ခြေကျင်ထွက်ပြေးတာ။ ခြေချင်းကြီးနဲ့။ ခြေချင်း ဆိုပေမဲ့ အလယ်က ဖြုတ်ထားတယ်။ ကွင်းကတော့ ဖြုတ်မထားဘူး” လို့ ပြောပါတယ်။
အခုထက်ထိ စီမံကိန်းရုံးဝင်းထဲမှာ ရဲဝန်ထမ်းတွေ၊ ထောင်ဝန်ထမ်းတွေ အင်အား ၄၀ ဝန်းကျင်နဲ့ ဆက်လက်ရှာဖွေနေဆဲဖြစ်ပြီး အကျဉ်းသား ချွတ်သွားတဲ့ ထောင်ဝတ်စုံကိုလည်း အကျဉ်းထောင် ဝန်ထမ်းတွေက သိမ်းယူသွားပါတယ်။