DVB Logo
Home
မြန်မာသတင်း
မြစ်ကြီးနားမြို့တွင် ရေကြီးနေသဖြင့် ပြည်သူ ၁၀၀၀ နီးပါး ရွှေ့ပြောင်း
DVB
·
June 3, 2025
မြစ်ကြီးနားမြို့တွင် ရေကြီးနေသဖြင့် ပြည်သူ ၁၀၀၀ နီးပါး ရွှေ့ပြောင်း
1 / 7
Donate to DVB

မိုးအဆက်မပြတ် ရွာသွန်းပြီး ဧရာဝတီမြစ်ရေ စိုးရိမ်ရေအမှတ်ထက်  ကျော်လွန်ခဲ့တဲ့အတွက် ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့ပေါ်ရပ်ကွက်တွေမှာ ရေကြီးနေတာကြောင့် ပြည်သူ ၁၀၀၀ နီးပါး ရွှေ့ပြောင်းနေကြရတယ်လို့ လူမှုကူညီရေးအဖွဲ့ဝင်တွေက ပြောပါတယ်။

မေ ၂၄  ရက်ကတည်းက ကချင်ပြည်နယ်မှာ မိုးအဆက်မပြတ် ရွာသွန်းနေတဲ့အတွက် မေ ၃၀ ရက်ကတည်းက မြစ်ကြီးနားမြို့ အနိမ့်ပိုင်းရပ်ကွက်တွေမှာ နေထိုင်သူတွေ ပြောင်းရွှေ့နေကြရတာပါ။

မြစ်ကြီးနားမြို့ အနိမ့်ပိုင်းရပ်ကွက်တွေဖြစ်တဲ့ ကြက်ပေါင်ခြံ၊ ရမ်ပူ၊ ရှမ်းရွာ၊ ပမ္မတီး၊ လယ်ကုန်း၊ မြို့သစ်ကြီး၊ အနောက်လယ်ကုန်း စတဲ့ ရပ်ကွက်တွေမှာ ရေဝင်ရောက်နေတာပါ။

ရေဘေးသင့်ပြည်သူတွေဟာ နီးစပ်ရာနဲ့ ကချင်ပြည်နယ် အာဏာပိုင်တွေက စီစဉ်ပေးတဲ့ ဘုန်းကြီးကျောင်း ရေဘေးကယ်ဆယ်ရေးစခန်းတွေမှာ နေထိုင်ကြရတယ်လို့ သိရပါတယ်။

ရေဘေးသင့်ပြည်သူတွေကို ကူညီပေးနေသူတယောက်က “ခုထိလည်း ရွှေ့ပြောင်းနေရတုန်းပဲ၊  ဘုန်းကြီးကျောင်းကန့်တွေ ပြောင်းရွှေ့ပြီးနေကြတာ။ ကန့်က တရပ်ကွက်ကို ၃၊ ၄ ခုရှိတယ်ဆိုတော့ ခန့်မှန်းခြေအရ ၁၀၀၀ ဝန်းကျင်လောက်ရှိမယ်။ ကျန်တဲ့ရပ်ကွက်တွေက အမြင့်ပိုင်းကျတယ်ဆိုတော့ စိုးရိမ်ရေအမှတ်က ၁၂၀၀ စင်တီမီတာလောက်ပဲ တက်တာလေ၊ ၁၂၅၀ ကျော်လောက်မှ ကျန်တဲ့ ရပ်ကွက်တွေက တက်မှာပါ၊ အခု ၁၂၀၀ ကနေ ပေဝက်လောက်ပြန်ကျထားတဲ့ အခါကျတော့ တော်တော်တန်တန်တော့ ရပ်တန့်မယ်လို့တော့ ယူဆလို့ရတာပေါ့” လို့ ပြောပါတယ်။

ဇွန် ၂ ရက် မနက် ၆ နာရီခွဲတိုင်းထွာချက်အရ ဧရာဝတီဖြစ်ရေဟာ မြစ်ကြီးနားမြို့ရဲ့ စိုးရိမ်ရေအမှတ် အထက် ၂ လက်မခန့် ကျော်လွန်ရောက်ရှိနေပြီး နောက်တရက်အတွင်း ၁ ပေခွဲခန့် မြင့်တက်လာနိုင်ပြီး မြစ်ကြီးနားမြို့ရဲ့ စိုးရိမ်ရေအမှတ်အထက် ဆက်လက်တည်ရှိနေနိုင်တယ်လို့ စစ်ကောင်စီရဲ့ မိုးလေဝသနဲ့ ဇလဗေဒညွှန်ကြားမှု ဦးစီးဌာနက ထုတ်ပြန်ထားပါတယ်။

မြစ်ရေမြင့်တတ်မှုကြောင့် မြစ်ကမ်းနားအနီး၊ မြေနိမ့်ပိုင်း နေထိုင်သူတွေအနေနဲ့ ဘေးလွတ်ရာကို‌ ရွှေ့ပြောင်းနေထိုင်ကြဖို့လည်း သတိပေးထားပါတယ်။

မြစ်ကြီးနားမြို့ ပရဟိတ အဖွဲ့ဝင်တယောက်က “ပြည်သူတွေရဲ့ အခြေအနေကတော့ တော်တော်များများတော့ ရွှေ့ပြောင်းပြီးပါပြီ အသက်အန္တရာယ်တော့ မရှိပါဘူး။ ၃၁ ရက်နေ့ ညကတည်းကနေမှ အပြောင်းအရွှေ့တွေကို ကူညီပေးနေရတာ ရေမတက်ခင်ပေါ့။ ရေကြီးမယ်ဆိုတော့ ရေကြီးမယ့် သတင်းက ၃၁ ရက်နေ့ကတည်းကဆိုတော့ အကုန်လုံးက ပြင်ဆင်ပြီး ပြောင်းရွှေ့နေကြတာလေ။ စီတာပူဘက်အပိုင်းကျတော့ မြေနိမ့်ပိုင်းဆိုတော့ မနောကွင်းပတ်ချာလည်၊ ဂျပန်တံတားလမ်း၊ စက်မှုဇုန်ဘက် မြေနိမ့်ပိုင်းတွေကတော့ အကုန်လုံး ပြောင်းရွှေ့နေရတယ်။  ကျန်တဲ့ အပိုင်းတွေကတော့ ကုန်းမြင့်တော့  ပစ္စည်းကဲ့တာလောက်ပဲ ရှိတယ်၊ ပြောင်းရွှေ့တဲ့ အနေအထားတော့မရှိသေးဘူး။”

ဇွန် ၂ ရက် မွန်းတည့် ၁၂ နာရီနောက်ပိုင်းကစလို့ ဧရာဝတီမြစ်ရေ စိုးရိမ်ရေအမှတ်အောက် အနည်းငယ် လျော့ကျလာပေမဲ့ ရပ်ကွက်တွေထဲ ဝင်ရောက်နေတဲ့ ရေကတော့ ပြန်မကျသေးဘူးလို့ သိရပါတယ်။

ဇွန် ၂ ရက်ဟာ စာသင်ကျောင်းတွေ စတင်ဖွင့်လှစ်တဲ့နေ့ ဖြစ်ပေမဲ့ မြစ်ကြီးနားမြို့ပေါ်က ရေနစ်မြုပ်နေတဲ့ ရပ်ကွက်တွေမှာတော့ စာသင်ကျောင်းတွေ မဖွင့်လှစ်နိုင်သေးဘူးလို့ သိရပါတယ်။

သီရိ

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013