DVB Logo
Home
မြန်မာသတင်း
ကလေးမြို့နယ်၌ စစ်ကောင်စီ စစ်ကြောင်းရန်ကြောင့် ဒေသခံ ၁,၀၀၀ ကျော် စစ်ဘေးရှောင်
DVB
·
June 3, 2025
ကလေးမြို့နယ်၌ စစ်ကောင်စီ စစ်ကြောင်းရန်ကြောင့် ဒေသခံ ၁,၀၀၀ ကျော် စစ်ဘေးရှောင်
Donate to DVB

ကလေးမြို့ ဒေသကွပ်ကဲမှုစစ်ဌာနချုပ် (ဒကစ) ကနေ ချင်းတောင်ကို တက်လာတဲ့ စစ်ကြောင်းဟာ ၂ ပတ်နီးပါးကြာတဲ့အထိ မွှာလ်ပီးရွာထဲမှာ ဆက်လက်စခန်းချနေတာကြောင့် ဒေသခံ ၁,၀၀၀ ကျော် စစ်ရှောင်နေရသလို လမ်းမလျှောက်နိုင်တဲ့ သက်ကြီးရွယ်အိုတချို့ တောထဲမှာ ပိတ်မိနေဆဲပဲလို့ ရွာခံတွေက ပြောပါတယ်။ 

တပ်မ ၇၇ တပ်တွေဖြစ်ကြတဲ့ ခလရ ၅၉၊ ခမရ ၈၊ ခမရ ၃၉၁ တို့ပါဝင်တဲ့ စစ်ကြောင်းတွေဟာ မေ ၂၁ ရက်မှာ ကလေးမြို့ကနေ ချင်းတောင်ကို စတင်စစ်ကြောင်းထိုးလာပြီး အခုဆို ၂ ပတ်နီးပါး ကြာမြင့်လာပါပြီ။

ဒါပေမဲ့ ကလေးမြို့ကနေ ၁၀ မိုင်အောက်သာဝေးတဲ့ မွှာလ်ပီးရွာမှာ အခုချိန်ထိစခန်းချနေပြီး ရွာထဲက နေအိမ်တချို့ကို မီးရှို့တာ၊ ဖောက်ထွင်းတာနဲ့ စစ်ရှောင်တွေ ကျန်ခဲ့တဲ့ အိမ်မွေးတိရစ္ဆာန်တွေကို ခိုးယူနေပြီး ဇွန် ၂ ရက် မနက်ပိုင်းအထိ ရှေ့ဆက်မတက်နိုင်သေးဘူးလို့ ဒေသခံ စစ်ရှောင်အမျိုးသားတယောက်က ပြောပါတယ်။

“စကစအဖွဲ့က‌တော့ သူတို့ မွှာလ်ပီးရွာကို ကျော်ပြီးတော့ Vomsem ရွာအထိတော့ ဝင်လာတယ်။ ဒါပေမဲ့ အဲဒီမှာ ပြည်သူ့ကာကွယ်ရေးတပ်တွေနဲ့ ထိပ်တိုက်ရင်ဆိုင်တော့ သူတို့က အဲဒီက အကျအဆုံး များလား မသိဘူး၊ သူတို့ပြန်ဆုတ်ပြီးတော့ မွှာလ်ပီးမှာပဲ စခန်းချနေတာ။ တောထဲမှာ ပိတ်မိနေတဲ့လူတွေကို‌တော့ ကယ်ထုတ်လို့ မရသေးဘူး။ သူတို့ကိုယ်တိုင်လည်း လမ်းမလျှောက်နိုင်ဘူး။ ကျနော်တို့ကလည်း ဝင်လို့မရဘူးပေါ့နော်။”

မေ ၂၁ ရက်နေ့ စစ်ကြောင်းထိုးချိန်မှာ ရွာသားတွေအားလုံး ထွက်ပြေးကြပေမဲ့ အသက် ၇၀ ကျော်နဲ့ ၈၀ ဝန်းကျင်အရွယ် သက်ကြီးရွယ်အိုတွေ၊ ကျန်းမာရေးမကောင်းသူနဲ့ မသန်းစွမ်းသူ စုစုပေါင်း ၁၀ ယောက်လောက်က နီးစပ်ရာတောထဲက နေရာတခုမှာ တိမ်းရှောင်ရင်း ပိတ်မိကျန်ခဲ့တာဖြစ်ပါတယ်။

ချင်းကာကွယ်ရေးတပ်တွေက ခုခံတာကြောင့် စစ်ကောင်စီတပ်တွေဟာ မွှာလ်ပီးရွာကို ကျော်ပြီး မထွက်နိုင်သေးဘဲ ဒေသခံတွေပါ ပိတ်မိနေကြတာဖြစ်ပါတယ်။

အဲဒီစစ်ကြောင်းဟာ တီးတိန်ကို ကာကွယ်ဖို့အတွက် နယ်မြေအရ အချက်အချာကျတဲ့ သိုင်းငင်းလမ်းဆုံ၊ တီးတိန်နဲ့ သိုင်းငင်းအကြား လမ်းလုံခြုံရေး ထိုင်ချင်တာ ဖြစ်နိုင်ကြောင်း စစ်ရေးလေ့လာသူ CDM  ဗိုလ်ကြီးဇင်ယော်က ပြောပါတယ်။

“လမ်းလုံခြုံရေးပေါ့နော်။ တီးတိန်မြို့ကို ကာတဲ့ လုံခြုံရေးထွက်လာတာလို့ ယူဆပါတယ်။ ချင်း ၂ ဖွဲ့ပေါင်းပြီး တိုက်တာဖြစ်တဲ့အတွက် သူတို့ရဲ့ စစ်ရေးရည်မှန်းချက် သိုင်းငင်းနဲ့ အရှေ့ဘက် တနေရာပေါ့နော်။ အဲဒီမှာ စစ်စခန်းချခဲ့မယ် ဆိုရင်တောင်မှပဲ သူတို့တွေ ချင်းကာကွယ်ရေးတပ်ဖွဲ့ရဲ့ လက်စတုံး ချေမှုန်းခြင်းကို ခံရမယ်လို့တော့ ကျနော်ကတော့ မျှော်လင့်ပါတယ်။”

ဒါ့အပြင် စစ်တပ်ဟာ တီးတိန်ကို စစ်ကူပို့ဖို့နဲ့ ဖလမ်းကို ပြန်သိမ်းနိုင်ဖို့အတွက် သိုင်းငင်းလမ်းဆုံကို ထိန်းချုပ်ချင်တဲ့ သဘောရှိတယ်လို့ သုံးသပ်သူတွေလည်း ရှိနေပါတယ်။

အခုလို စစ်ကြောင်းထိုးတာကြောင့် ရုတ်တရက် ထွက်ပြေးလာရတဲ့ ဒေသခံတွေက ရိက္ခာနဲ့ အရေးကြီးပစ္စည်းတွေ ယူမလာနိုင်ခဲ့တဲ့အတွက် စားဝတ်နေရေးအခက်အခဲဖြစ်နေသလို နေထိုင်မကောင်းသူတွေ ရှိနေပြီး နွေးထွေးမယ့် အဝတ်အစားတွေလည်း အရေးပေါ်လိုအပ်နေပြီလို့ ပြောကြပါတယ်။

စိုးသူအောင်

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013