DVB Logo
Home
မြန်မာသတင်း
မြစ်ရေကြီးမှုကြောင့် ပလက်ဝကစစ်ဘေးရှောင်နေအိမ်များပျက်စီး၊  အရေးပေါ်အကူအညီလိုအပ်
DVB
·
June 3, 2025
မြစ်ရေကြီးမှုကြောင့် ပလက်ဝကစစ်ဘေးရှောင်နေအိမ်များပျက်စီး၊  အရေးပေါ်အကူအညီလိုအပ်
Donate to DVB

အိန္ဒိယနိုင်ငံ၊ မီဇိုရမ်ပြည်နယ်၊ လောင်တလိုင်ခရိုင်က တွီဒင်းစစ်ရှောင်စခန်းနဲ့ ကာကီစစ်ရှောင်စခန်းမှာ မိုးသည်းထန်စွာရွာသွန်းနေတာကြောင့် မြစ်ရေကြီးပြီး စစ်ဘေးရှောင်နေအိမ် ရာနဲ့ချီ ပျက်စီးဆုံးရှုံးခဲ့ရာကာ အရေးပေါ် အကူအညီတွေ လိုအပ်နေပါတယ်။ 

မိုးအဆက်မပြတ်ရွာသွန်းနေတာကြောင့်  မေ ၃၁ ရက်  မွန်းလွဲ ၁ နာရီလောက်မှာ ကုလားတန်မြစ်ရေကြီးခဲ့ကာ  တွီဒင်း စစ်ဘေးရှောင်စခန်းက အိမ်ခြေ ၆၃ လုံးနဲ့  ကာကီ စစ်ဘေးရှောင်စခန်းက အိမ်‌ခြေ ၆၉ လုံးလောက်  ရေနစ်မြှုပ်သွားခဲ့ပြီး  အိတ်တချို့မှာ ရေစီးနဲ့ မျောပါသွားတယ်လို့ စစ်ဘေးရှောင်တွေထံက သိရပါတယ်။

ရေကြီးမှုကြောင့် တွီဒင်း စစ်ဘေးရှောင်စခန်းက စစ်ဘေးရှောင်ပြည်သူ ၃၇၈ ယောက်နဲ့ ကာကီ စစ်ဘေးရှောင်စခန်းက စစ်ဘေးရှောင်ပြည်သူ ၂၉၁ ယောက်တို့ ရေဘေးသင့်ခဲ့ရပြီး လက်ရှိမှာ နီးစပ်ရာ ဆွေမျိုးတွေရဲ့ နေအိမ်တွေ ၊ ကိုယ်ထူကိုယ်ထဆောက်လုပ်ထားတဲ့ စာသင်ကျောင်းဆောင်တွေနဲ့ ကျေးရွာအတွင်း ခန်းမနေရာတွေမှာ အရေးပေါ်ယာယီ ပြောင်းရွေ့နေထိုင်နေကြရပါတယ်။

လက်ရှိမှာလည်း မိုးတွေအဆက်မပြတ်ရွာသွန်းနေဆဲဖြစ်ပြီး မြစ်ရေကြီးမှု ဆက်လက်မြင့်တက်နေဆဲ ဖြစ်ကာ နေအိမ်တွေပျက်စီးဆုံးရှုံးခဲ့ရလို့ ပြန်လည်ထူထောင်ရေးအတွက် စိုးရိမ်ပူပန်နေရတယ်လို့ တွီဒင်းကျေးရွာက စစ်ဘေးရှောင်တယောက်က ပြောပါတယ်။ 

“အားလုံးနီးပါးပဲ ရေနစ်သွားတော့ အမိုးအကာတွေလည်း မရှိတော့ဘူး။ အဲလိုသာမိုးရွာမယ်ဆိုရင်တော့ နောက်ထပ် ရေကြီးလာနိုင်ဖို့အများကြီးရှိပါတယ်။ ကိုယ့်ရဲ့အိမ်ကဆုံးရှုံးသွားတော့ အဲဒီအိမ်တွေ ဘယ်လိုပြန်ပြီး ဆောက်ရမလဲဆိုပြီး တော်တော်လေး စိုးရိမ်ပူပန်နေကြပါတယ်။ ကျနော်တို့မှာ ဝင်ငွေရမယ့်အလုပ်အကိုင်ကလည်း မယ်မယ်ရရမရှိဘူး။ ဆိုတော့ ခုလိုမျိုး ရေဘေးသင့်ပြီး ရေကြီး၊ မိုးကြီးလို့ နေအိမ်တွေပျက်စီးသွားတော့ အဲဒီအတွက်ပြန်ပြီးမှတော့ မရှာနိုင်ဘူး။ လောလောဆယ်မှာ ဝင်ငွေမရှိတော့လည်း စားနပ်ရိက္ခာက အကျပ်အတည်းနဲ့ ရင်ဆိုင်ရတာပေါ့ဗျာ။ ကိုယ့်မှာ မရှိလို့ရှိရင်လည်း သူများဆီက ချေးငှားပြီး စားကြရတာပေါ့ဗျာ။” 

စစ်ဘေးရှောင်နေအိမ်တွေ တည်‌ဆောက်ရာမှာ နေအိမ် တလုံးကို ရူပီး ၃၀၀၀၀ လောက် ကုန်ကျမှုရှိနေပြီး လက်ရှိမှာ နေအိမ်တွေပြန်လည်တည်ဆောက်ဖို့ ငွေကြေးမတတ်နိုင်ဘူးလို့ စစ်ဘေးရှောင်တွေက ပြောပါတယ်။

ရေကြီးမှုကြောင့် နေအိမ်တွေအားလုံးနီးပါး ထိခိုက်ပျက်စီးခဲ့တာကြောင့် ပြန်လည်တည်ဆောက် နိုင်ဖို့အတွက် အမိုးအကာတွေ အရေးပေါ်လိုအပ်နေပြီး အခြေခံစားနပ်ရိက္ခာနဲ့ ကျန်းမာရေးစောင့်ရှောက်မှုအတွက် ဆေးဝါးတွေလည်း လိုအပ်နေပါတယ်လို့ ပလက်ဝကောင်စီရဲ့ ကယ်ဆယ်ရေးတာဝန်ခံ ကိုဆလိုင်းစိုးသန်းက ပြောပါတယ်။

“ရေဘေးလွတ်ရာနေရာ ရေမရောက်နိုင်တဲ့နေရာတွေကိုတော့ ‌ရွှေ့ပြောင်းလို့အဆင်ပြေပါတယ်။ ဒါပေမဲ့ နေရာထိုင်ခင်းက အခက်အခဲရှိပါတယ်။ နေရာထိုင်ခင်းအတွက် အမိုးအကာ လိုအပ်တာပေါ့နော်။  ဒုတိယတချက်ကတော့ စားသောက်‌ရေးအတွက် လိုအပ်နေတဲ့ အခက်အခဲတွေ ရှိတာပေါ့နော်။ နောက်ပြီးတော့ ဆေးဝါးပေါ့နော် အခြေခံဆေးဝါးလေးတွေလိုအပ်နေပါတယ်။ မိုးမိပြီးမှ နှာစေး၊ ချောင်းဆိုး၊ ဖျားနာတာတွေ၊ တုပ်ကွေးဖြစ်နေတဲ့သူတွေ ရှိတယ်လို့ သိရပါတယ်။”

လက်ရှိမှာ နေအိမ်တွေပြန်လည်တည်ဆောက်နိုင်ဖို့ ငွေကြေးလိုအပ်ချက်များရှိနေတဲ့အတွက် ကူညီလိုသူတွေအနေနဲ့  +91 92336 76151 ( Salai  Soe Than) ကို ဆက်သွယ်လှူဒါန်းနိုင်ပါတယ်။ 

တိုက်ပွဲတွေကြောင့် ချင်းပြည်နယ် ၊ ပလက်ဝကနေ စစ်ဘေးရှောင်ပြည်သူတွေ နေထိုင်ကြတဲ့ တွီဒင်း စစ်ရှောင်စခန်းမှာ အိမ်ခြေ ၂၇၀ ဆောင် ရှိပြီး ကာကီစစ်ရှောင်စခန်းမှာ အိမ်ခြေ ၁၄၁ ဆောင် အသီးသီးရှိကြပါတယ်။

ကေခိုင်

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013