
မက္ကဆီကိုနိုင်ငံအလယ်ပိုင်းက မူးယစ်ဆေးစွဲသူတွေ ပြန်လည်ထူထောင်ရေး စခန်းတခုမှာ ဇွန် ၁ ရက် မနက်အစောပိုင်းက မီးလောင်ခဲ့လို့ လူ ၁၂ ယောက်သေဆုံးပြီး ၄ ယောက် ဒဏ်ရာရခဲ့တယ်လို့ ဒေသန္တရအာဏာပိုင်တွေက ထုတ်ပြန်ပါတယ်။
မက္ကဆီကိုစီးတီးမြို့ကနေ ကီလိုမီတာ ၂၄၀ လောက်အကွာမှာရှိတဲ့ စန်ဟိုဆေး အီတိုဘီဒေမြို့၊ ဂွါနာဟွာတို စီရင်စုက ရှင်သန်ခြင်းဆီအပြန်လို့ နာမည်ပေးထားတဲ့ ပြန်လည် ထူထောင်ရေးစင်တာရဲ့ တိုးချဲ့ဆောင်မှာ ကြေကွဲစရာဖြစ်ခဲ့တာပါ။
အရေးပေါ်ဌာနတွေက 911 အရေးပေါ်စနစ် ကနေတဆင့် ဒုက္ခရောက်နေကြောင်း ဖုန်းခေါ် အကြောင်းကြားတာကို လက်ခံရရှိပြီးတဲ့နောက် ချက်ချင်း တုံ့ပြန်ခဲ့ပါတယ်။
အာဏာပိုင်တွေက သေဆုံးသူတွေရဲ့ နာမည်စာရင်းကို မထုတ်ပြန်သေးပေမဲ့ သေဆုံးသူ အားလုံးကို ပြန်လည်ထူထောင်ရေးစခန်းမှာ ကုသထားတယ်လို့ အတည်ပြုခဲ့ပါတယ်။
မီးလောင်မှု ဖြစ်ရတဲ့အကြောင်းရင်းကို သိရှိနိုင်ဖို့ ဂွါနာဟွာတို ရှေ့နေချုပ်ရုံးက စုံစမ်းစစ်ဆေးနေပါတယ်။
Source: Reuters