
ဆူဒန်နိုင်ငံတဝန်းက ပြည်သူတွေဟာ ကမ္ဘာ့အဆိုးရွားဆုံး လူသားချင်း စာနာထောက်ထားမှု ဆိုင်ရာ အကျပ်အတည်းတွေကို ကြုံတွေ့နေရပြီး တိုက်ပွဲတွေကြောင့် ကလေးတွေကို အပြင်းထန်ဆုံး ထိခိုက်နေတာ ၃ နှစ် ရှိပါပြီ။
ဆူဒန်စစ်တပ် (SAF) နဲ့ ပြိုင်ဘက် အမြန်ထောက်ပံ့ရေးတပ် (RSF) တို့ကြား ဖြစ်ခဲ့တဲ့ စစ်ပွဲမှာ ကလေးပေါင်း ၅,၀၀၀ ကျော် ပြန်ပေးဆွဲခံရတာ ဒါမှမဟုတ် ပျောက်ဆုံးတာတွေ ဖြစ်ခဲ့ပြီး ကလေး အယောက် ၃,၀၀၀ ကျော် သေဆုံးခဲ့ပါတယ်။
စစ်ပွဲကြောင့် ကလေးငယ် ၁၇ သန်းကျော် ကျောင်းထွက်ခဲ့ရတာပါ။ ဆူဒန်မှာ ကလေးသူငယ်တွေအပေါ် အကြမ်းဖက်မှုဟာ ၂၀၂၃ ခုနှစ်မှာ “လွန်ကဲတဲ့အဆင့်”အထိ ရောက်ခဲ့တယ်လို့ ကုလသမဂ္ဂက အဆင့်သတ်မှတ်ထားပါတယ်။
အဲဒီနှစ်မှာပဲ ကလေးများအပေါ် ဆိုးဆိုးရွားရွား ချိုးဖောက်မှု ၂၁ ရာခိုင်နှုန်း တိုးလာတယ်လို့ ကုလသမဂ္ဂ အစီရင်ခံစာထဲမှာ ဖော်ပြထားပါတယ်။
အစီရင်ခံစာဟာ ကလေးငယ်တွေကို သတ်ဖြတ်ခြင်း၊ ကိုယ်အင်္ဂါချို့တဲ့စေခြင်း၊ ကျောင်းတွေနဲ့ ဆေးရုံတွေကို တိုက်ခိုက်ခြင်းတွေအတွက် ဆူဒန်ကို နာမည်ပျက်စာရင်းထဲမှာ ထည့်သွင်းထားပါတယ်။
ကုလသမဂ္ဂ ရန်ပုံငွေအဖွဲ့က ဆူဒန် ကိုယ်စားလှယ်က “စစ်မဖြစ်မီ အချက်အလက်တွေကို ကြည့်ရင် ကလေး ၃ သန်းလောက်က အာဟာရ ချို့တဲ့နေတယ် ဆိုတာ သိတယ်။ အခု စစ်ပြီးကတည်းက ကလေး ၄ သန်းနီးပါးလောက် အာဟာရ ချို့တဲ့နေတယ်”လို့ပြောပါတယ်။
စစ်ပွဲဖြစ်ပြီးကတည်းက ကလေးသူငယ် အလွဲသုံးစားမှု ပိုဆိုးရွားလာပါတယ်။ အစီရင်ခံစာတွေထဲမှာ ကလေးငယ်တွေကို တိုက်ခိုက်ရေးသမားတွေအဖြစ် အတင်းအဓမ္မ စုဆောင်းတာ ခံနေရပြီး လိင်ပိုင်းဆိုင်ရာ အလွဲသုံးစားလုပ်မှုနဲ့ ကျွန်ပြုမှု တိုးလာတာ တွေ့ထားပါတယ်။
Source: Reuters