
တနင်္သာရီမြို့နယ်၊ သမုတ်ချုံရွာမှာ ကာကင်းယူထားတဲ့ တော်လှန်ရေးတပ်ဖွဲ့တွေကို စစ်ကောင်စီတပ်ရဲ့ ခြေလျင်စစ်ကြောင်းက ကြားဖြတ်တိုက်ခိုက်ခဲ့လို့ တော်လှန်ရေးတပ်ဖွဲ့ဝင် ရဲဘော် ၂ ယောက် မစိုးရိမ်ရ ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ တနင်္သာရီမြို့နယ်ပကဖထံက သိရပါတယ်။
မေ ၃၁ ရက် မနက်ပိုင်းမှာ တနင်္သာရီမြို့မှ မောတောင်ဘက်ကိုသွားမယ့် စစ်ကောင်စီရဲ့ ရိက္ခာယာဥ်တန်းကို တော်လှန်ရေးတပ်ဖွဲ့တွေဘက်က မိုင်းဆွဲတိုက်ခိုက်ဖို့ စောင့်ဆိုင်းနေချိန်မှာ စစ်ကောင်စီရဲ့ ခြေလျင်စစ်ကြောင်းက ကြားဖြတ်တိုက်ခိုက်ခဲ့တာလို့ တနင်္သာရီပကဖ တာဝန်ရှိသူ တယောက်က ပြောပါတယ်။
''စကစရိက္ခာယာဥ်တန်းကို တိုက်ခိုက်ဖို့စောင့်ဆိုင်းနေချိန် အနောက်မှာ ကာကင်းယူထားတဲ့ ပကဖတပ်စုကို စကစခြေလျင်စစ်ကြောင်းကနေ အလစ်ငိုက်ဝင်တိုက်သွားတာပါ။ ရဲဘော်တွေရဲ့ ဒဏ်ရာက မစိုးရိမ်ရပါဘူး။ အင်အားမမျှလို့ ပြန်ဆုတ်ပေးလိုက်ပြီး ညနေဘက်မှာ အဲဒီစစ်ကြောင်းကို ပြန်လည်တိုက်ခိုက်ခဲ့တယ်။”
စစ်ကောင်စီရဲ့ ခြေလျင်စစ်ကြောင်းမှာအင်အား ၃၀ နီးပါးရှိပြီး အဲဒီနေ့ ညနေပိုင်းမှာ ဒေသတွင်းတော်လှန်ရေးပူးပေါင်းတပ်ဖွဲ့က ပြန်လည်တိုက်ခိုက်ခဲ့တာကြောင့် စစ်ကောင်စီဘက်မှ ဆုတ်ခွါသွားတယ်လို့ တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့တွေဆီမှ သိရပါတယ်။
တနင်္သာရီမြို့နယ်မှာ တိုက်ပွဲတွေ ပိုမိုပြင်းထန်လာနိုင်တာကြောင့် ဒေသခံတွေအနေနဲ့ စစ်ရေးသတိရှိပြီး သွားလာနေထိုင်ကြဖို့ တနင်္သာရီမြို့နယ်ပကဖက အသိပေးထားပါတယ်။