ရခိုင်ပြည်နယ်၊ ကျောက်တော်မြို့နယ်၊ မြောက်ဦးမြို့နယ်နဲ့ တောင်ကုတ်မြို့နယ်တို့မှာ ရေကြီးမှုတွေ ဖြစ်နေတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။
ကျောက်တော်မြို့နယ်က သရက်တပင်၊ ကျောက်တလုံး၊ စပါးဆိပ်၊ မဟာမုနိ၊ ညောင်ချောင်း ကျေးရွာ အပါအဝင် ကျေးရွာတချို့နဲ့ မြောက်ဦးမြို့နယ်က ကျောက်ကျက်၊ တောင်ဦး၊ တိမ်ညို စတဲ့ကျေးရွာအနီးတဝိုက်မှာ မိုးသည်းထန်စွာ ရွာသွန်းပြီး တောင်ကျရေနဲ့ ဒီရေမြင့်တက်မှုတွေကြောင့် ရေကြီးနေကြတာဖြစ်တယ်လို့ ကျောက်တော်မြို့နယ် သရက်တပင် ကျေးရွာသားတယောက်က ပြောပါတယ်။
“ရခိုင်မှာ မိုးအဆက်မပြတ်ရွာသွန်းနေတာ ၅ ရက်ဆက်တိုက်ရှိနေပြီ။ ပထမ ၃ ရက်လောက်က ရေမကြီးသေးဘူး။ မနေ့က ၆ လ ၁ ရက်နေ့ ညနေပိုင်းကစပြီး ကျေးရွာတချို့မှာ ရေကြီးနေတာ။ ဒီနေ့မနက်ပိုင်းဆိုတော့ ကျေးရွာ ၁၀ ရွာထက်မနည်း ရေမြုပ်နေကြတယ်။ မြေနိမ့်ပိုင်းက လူတွေဆိုရင်တော့ ရွှေ့ပြောင်းနေကြရပြီ။ ကားလမ်းတွေမှာလည်း သွားလို့မရတော့ဘူး။”
လက်ရှိ ရေကြီးမှုတွေကြောင့် ကျောက်တော်-မြောက်ဦး လမ်းပိုင်းမှာ ရေနစ်မြုပ်နေတဲ့အတွက် စစ်တွေ-ရန်ကုန် လမ်းပိုင်းကို ယာယီပိတ်ထားရတယ်လို့လည်း ဒေသခံတွေဆီက သိရပါတယ်။
ဒါ့အပြင် တောင်ကုတ်မြို့ပေါ် ရပ်ကွက်တချို့မှာလည်း ရေကြီးမှုတွေဖြစ်ပေါ်နေပြီး မြေနိမ့်ပိုင်းက မြို့ခံတွေကို ရွှေ့ပြောင်းနေကြရတယ်လို့ မြို့ခံတွေဆီက သိရပါတယ်။
ရခိုင်မှာ မေ ၂၈ ရက်ကတည်းက မိုးအဆက်မပြတ်ရွာသွန်းနေတာဖြစ်ပြီး ဘင်္ဂလားပင်လယ်အော်မှာ မုတ်သုံလေ အားကောင်းနေတဲ့အတွက် ရခိုင်ပြည်နယ်မှာ မိုးဆက်လက် ရွာသွန်းနိုင်သေးတယ်လို့ ထုတ်ပြန်ထားပါတယ်။
Photo: APM