DVB Logo
Home
မြန်မာသတင်း
မြောက်ဦးတွင် စစ်တပ်ဗုံးကြဲမှုကြောင့် ၂  ပတ်အတွင်း ပြည်သူ  ၈ ဦးသေဆုံး၊ ၃၀ ခန့်ဒဏ်ရာရ
DVB
·
November 13, 2026
Photo : DVB
Photo : DVB
Donate to DVB

ရခိုင်ပြည်နယ်၊ မြောက်ဦးမြို့ကို စစ်အာဏာရှင်တပ်က လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ခဲ့တဲ့ အတွက် နိုဝင်ဘာလ သီတင်း ၂ ပတ်တာ ကာလအတွင်း မွေးကင်းစကလေးငယ်တွေ၊ ကိုယ်ဝန်ဆောင်မိခင်တွေ အပါအဝင် အရပ်သားပြည်သူ ၈ ယောက်ထက်မနည်း သေဆုံးပြီး အယောက် ၃၀ နီးပါး ထိခိုက်ဒဏ်ရာ ရရှိခဲ့ပါတယ်။

နိုဝင်ဘာ ၁၂ ရက်မှာ မြောက်ဦးမြို့နယ်၊ ကြက်ဈေးရပ်ကွက်ကို ဗုံးကြဲတိုက်ခိုက်ခဲ့လို့ အရပ်သား ပြည်သူ ၂ ယောက်ထက်မနည်း သေဆုံးပြီး ၈ ယောက်ထက်မနည်း ထိခိုက်ဒဏ်ရာ ရရှိခဲ့တယ်လို့ မြောက်ဦးဒေသခံတွေဆီက သိရပါတယ်။

မနေ့ည ၉ နာရီလောက်မှာ ကြက်ဈေးရပ်ကွက်ရှိ စစ်ဘေးရှောင်တွေ ခိုလှုံနေတဲ့ အခြေခံပညာ မူလတန်းလွန်ကျောင်းအနီးကို ဂျက်တိုက်လေယာဉ်တစင်းနဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့လို့ အမျိုးသား တယောက်နဲ့ အမျိုးသမီး တယောက် သေဆုံးပြီး အမျိုးသား ၄ ယောက်နဲ့ အမျိုးသမီး တယောက် ဒဏ်ရာရခဲ့သလို  အနီးအနားက ဘုန်းကြီးကျောင်းလည်း ပျက်စီးသွားတယ်လို့ မြောက်ဦးဒေသခံက ပြောပါတယ်။

ဒါဟာ နိုဝင်ဘာလထဲမှာ မြောက်ဦးမြို့နယ်ကို စစ်တပ်က တတိယအကြိမ်မြောက် ဗုံးကြဲခဲ့တာပါ။ DVB က ပြုစုထားတဲ့ စာရင်းတွေအရ အာရက္ခတပ်တော် (AA) ထိန်းချုပ်ထားတဲ့ မြောက်ဦးမြို့နယ်ကို စစ်အာဏာရှင်တပ်ရဲ့ ဗုံးကြဲမှုကြောင့် ပြီးခဲ့တဲ့ နိုဝင်ဘာ ၁ ရက်ကနေ  ဒီကနေ့ နိုဝင်ဘာ ၁၃ ရက်အထိ အရပ်သားပြည်သူ ၈ ယောက်ထက်မနည်း သေဆုံးပြီး ၂၉ ယောက်ထက် မနည်း ထိခိုက်ဒဏ်ရာ ရရှိခဲ့ပြီဖြစ်ပါတယ်။

နိုဝင်ဘာ ၁ ရက်ကလည်း မြောက်ဦးမြို့နယ်၊ ထမ္မရာဇ်ရပ်ကွက် ယာယီသားဖွားဆောင်ကို ဗုံးကြဲလို့ တလသားအရွယ် ကလေးငယ်တယောက် အပါအဝင် ၅ ယောက် သေဆုံးခဲ့ပြီး ၉ ယောက် ထိခိုက်ဒဏ်ရာ ရရှိခဲ့ပါတယ်။

အလားတူ နိုဝင်ဘာ ၅ ရက်မှာလည်း မြောက်ဦးမြို့နယ်၊ နန်းကျားကျေးရွာကို စစ်တပ်က ဗုံးကြဲတိုက်ခိုက်လို့ ကိုယ်ဝန်ဆောင် အမျိုးသမီးတ‌ယောက် သေဆုံးခဲ့ရတဲ့အပြင် ၁၂ ယောက် ထိခိုက်ဒဏ်ရာ ရရှိခဲ့ပါတယ်။

ဒါ့အပြင်ခုလို လေကြောင်းဗုံးကြဲမှုတွေကြောင့် မြောက်ဦးမြို့နယ်ရှိ ဆေးရုံ ဆေးခန်း၊ ဘုန်းကြီးကျောင်း အပါအဝင် နေအိမ်အဆောက်အုံနဲ့ ဆိုင်ခန်းတချို့လည်း ထိမှန်ပျက်စီးခဲ့ရပါတယ်။

စစ်တပ်က လေကြောင်းတိုက်ခိုက်မှုတွေ ခပ်စိပ်စိပ်လုပ်လာနေတဲ့အတွက် ဒေသခံပြည်သူတွေမှာ လုပ်ကိုင်စားသောက်ရ ခက်ခဲလာကြပြီး နေ့စဉ်နဲ့အမျှ စိုးရိမ်စိတ်တွေနဲ့ပဲ နေထိုင်နေကြရတယ်လို့ နောက်ထပ် မြောက်ဦးဒေသခံတယောက်က ပြောပါတယ်။

“အချိန်ပြည့် ကြောက်လန့်နေကြရတာပေါ့။ ကလေး၊ လူကြီးပါမကျန် အကုန်လုံး ကြောက်လန့်နေကြရတယ်။ ခုက မြောက်ဦးကို ပစ်မှတ်ထားပြီးတော့ ခပ်စိပ်စိပ် တိုက်ခိုက်တာ ရှိတယ်။ အဲဒီလိုမျိုး တိုက်ခိုက်တဲ့အခါမှာလည်း အရပ်ဘက်တွေကိုမှ ရွေးပြီးတော့ တိုက်ခိုက်တဲ့ ပုံစံမျိုး ဖြစ်တယ်။ ဥပမာ- နန်းကျား ဆိုရင်လည်း စစ်ပွဲနဲ့ ဘာမှမသက်ဆိုင်တဲ့ နေရာပါ။ ကလေး သားဖွားဆေးရုံ ဆိုရင်လည်း ဘာမှကို မပတ်သက်တဲ့နေရာမျိုး ဖြစ်တယ်။ အခုဆိုရင်လည်း ဒီစာသင်ကျောင်းဆိုရင်လည်း ဘာမှ စစ်ဘက်နဲ့ နီးကပ်တဲ့နေရာ မဟုတ်ဘူး။ ဆိုတော့ ဒီလိုမျိုး စစ်ပွဲနဲ့ ကင်းကွာတဲ့နေရာ၊ ဘာမှမသက်ဆိုင်တဲ့နေရာကို အခုလိုမျိုး ရည်ရွယ်ချက်ရှိရှိနဲ့ လာပြီးတော့မှ အမြဲတမ်းလိုလိုပဲ အဲလိုမျိုး ဗုံးကြဲတယ်ဆိုတော့ ဒီဒေသခံတွေ အကုန်လုံးက စိုးရိမ် ထိတ်လန့်နေကြတာပေါ့။ ဘယ်နေ့များ ကိုယ့်ဆီလာမလဲ၊ ဘယ်နေ့များ ကိုယ့်အိမ်ထိမလဲ ဆိုတဲ့ဟာမျိုး အမြဲတမ်း ကြောက်လန့်နေကြရတယ်။”

အရပ်သားပြည်သူတွေ ဆေးလာကုတဲ့နေရာတွေနဲ့ လူနေရပ်ကွက်တွေကို ပစ်မှတ်ထား တိုက်ခိုက်မှုတွေဟာ တော်တော့ကို ဆိုးရွားလာနေပြီး ဒါဟာ လူမဆန်တဲ့လုပ်ရပ်လို့ ပြောဆိုမှုတွေလည်း ရှိနေပါတယ်။

အာရက္ခတပ်တော် (AA) ကလည်း နိုင်ငံတဝန်းမှာ စစ်ရှုံးနေတဲ့ စစ်အာဏာရှင်တပ်က စစ်ဘက်နဲ့မသက်ဆိုင်တဲ့ စာသင်ကျောင်း၊ ဆေးရုံ ဆေးခန်း၊ ဈေး၊ ဘာသာရေးအဆောက်အုံ၊ စစ်ဘေးရှောင်စခန်းတွေနဲ့ လူနေထူထပ်တဲ့ နေရာတွေကို လေကြောင်းတိုက်ခိုက်ကာ စစ်ရာဇဝတ်မှုတွေကို ပြောင်ပြောင်တင်းတင်း ချိုးဖောက်ကျူးလွန်နေတယ်လို့ ဆိုထားပါတယ်။

ကေခိုင်

Support DVB
Live
DVB Donate
မြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013