Home
နိုင်ငံတကာ
အမေရိကန်-တရုတ် ကုန်သွယ်ရေးသဘောတူညီချက် ချိုးဖောက်ဟု အပြန်အလှန်စွပ်စွဲ
DVB
·
June 2, 2025
Photo: SOCIAL MEDIA WEBSITE / U.S. NETWORK POOL

အမေရိကန်ဟာ ကုန်သွယ်ရေးသဘောတူညီချက်အပေါ် “ဆိုးဆိုးရွားရွားချိုးဖောက်ခဲ့တဲ့” အလျောက် တရုတ်နိုင်ငံဘက်က အကျိုးစီးပွားကို ကာကွယ်ဖို့ ထိရာက်တဲ့အရေးယူမှုတွေ ပြုလုပ်သွားမယ်ဆိုပြီး တုံ့ပြန်ခဲ့ပါတယ်။

တရုတ်ကုန်သွယ်ရေးဝန်ကြီးဌာနဟာ ပြီးခဲ့တဲ့လက ဂျီနီဗာဆွေးနွေးပွဲမှာ ရရှိလာတဲ့ သဘောတူညီမှုကို ဝါရှင်တန်အနေနဲ့ “အပြင်းအထန် ထိခိုက်စေခဲ့တယ်” လို့ စွပ်စွဲခဲ့တာ ဖြစ်ပါတယ်။

အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ပ် ကလည်း “တရုတ်နိုင်ငံဟာ ကျနော်တို့နဲ့ ရရှိထားတဲ့ သဘောတူညီချက်ကို အလုံးစုံချိုးဖောက်ခဲ့တယ်” ဆိုပြီး ပြောဆိုခဲ့တဲ့အတွက် အခုလိုမျိုး အပြန်အလှန် အငြင်းပွားနေကြတာပါ။

အမေရိကန် ကုန်သွယ်ရေးကိုယ်စားလှယ် ဂျေမီဆန် ဂရီးယား ကတော့ တရုတ်နိုင်ငံဟာ သွင်းကုန်ခွန်မဟုတ်တဲ့ အတားအဆီးတွေကိုပါ သဘောတူညီချက်အတိုင်း ဖယ်ရှားပေးတာမျိုး မရှိကြောင်း မှတ်ချက်ပေးပါတယ်။

၂ နိုင်ငံကြား မေလမှာ ပြုလုပ်ခဲ့တဲ့ ဂျီနီဗာ အစည်းအဝေးအတွင်း အမေရိကန်ဟာ တရုတ်ကုန်စည်တွေအပေါ်  အခွန်စည်းကြပ်မှု ၁၄၅ ရာခိုင်နှုန်းကနေ ၃၀ ရာခိုင်နှုန်းအထိ လျှော့ချပေးခဲ့သလို တရုတ်ရဲ့  အမေရိကန်အပေါ် အခွန်တိုးကောက်မှု ၁၂၅ ရာခိုင်နှုန်းကိုလည်း ၁၀ ရာခိုင်နှုန်းအထိ ပြန်လျှော့ပေးဖို့ သဘောတူခဲ့ကြပါတယ်။

ဒါ့အပြင် အမေရိကန်ဘက်က ချိုးဖောက်မှုတွေထဲမှာ တရုတ်ကုမ္ပဏီတွေဆီ ကွန်ပျူတာချစ်ပ်ဒီဇိုင်း ဆော့ဖ်ဝဲရောင်းချခွင့် ရပ်ဆိုင်းတာနဲ့ တရုတ်နည်းပညာကုမ္ပဏီကြီး ဟွာဝေးရဲ့ ချစ်ပ်ပြားကို မသုံးဖို့ သတိပေးတာမျိုး အပါအဝင် တရုတ်ကျောင်းသားတွေရဲ့ ဗီဇာ ပယ်ဖျက်တာအထိ ပါဝင်တယ်လို့ ပေကျင်းအနေနဲ့ ထုတ်ပြန်ထားပါတယ်။

ဒါကြောင့် လာမယ့်အပတ်အတွင်း တရုတ်သမ္မတ ရှီကျင့်ဖျင်နဲ့ ထရမ့်ပ်ကြား ဆွေးနွေးပြောဆိုပြီးတဲ့အခါ အဲဒီကုန်သွယ်ရေးပြဿနာအတွက် “အဖြေရလာလိမ့်မယ်” လို့ တာဝန်ရှိသူတွေက အတည်ပြုပါတယ်။

လွန်ခဲ့တဲ့အပတ်မှာလည်း ထရမ့်ပ်ဟာ သံမဏိနဲ့ အလူမီနီယမ်အပေါ် ချမှတ်ထားတဲ့ အခွန်နှုန်းထားကို လက်ရှိ ၂၅ ရာခိုင်နှုန်းကနေ ၅၀ ရာခိုင်နှုန်းအထိ နှစ်ဆတိုးကောက်မယ်လို့ ကြေညာထားခဲ့ပြီး လာမယ့်ဗုဒ္ဓဟူးနေ့မှာ စတင်မှာဖြစ်ကြောင်း သိရပါတယ်။

Source: Reuters

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024