
ဧရာဝတီတိုင်းမှာ အကြောင်းအမျိုးမျိုးကြောင့် အခြေခံပညာကျောင်း ဆက်မထားနိုင်တဲ့ ကျောင်းသား၊ ကျောင်းသူတွေရဲ့ မိဘတွေကို ရဲတပ်ဖွဲ့ပါတဲ့ ပူးပေါင်းအဖွဲ့တွေက လိုက်လံဖိအားပေး ကျောင်းအပ်ခိုင်းနေတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။
စစ်ကောင်စီလက်အောက်ခံ ပညာရေးဝန်ထမ်းတွေ၊ အုပ်ချုပ်ရေးမှူးတွေ၊ ရဲတပ်ဖွဲ့ပါတဲ့ ပူးပေါင်းအဖွဲ့က ဇွန် ၁ ရက်ကစတင်ပြီး အကြောင်းအမျိုးမျိုးကြောင့် အခြေခံပညာကျောင်း ဆက်မထားနိုင်တဲ့ ကျောင်းသားမိဘတွေရဲ့ နေအိမ်တွေကို တအိမ်တက်တအိမ်ဆင်း လိုက်လံဖိအားပေးပြောဆိုကာ ကျောင်းအပ်ခိုင်းနေတာလို့ ဆိုပါတယ်။
ဘိုကလေးမြို့နယ် ကျောင်းသားမိဘတယောက်က “ဘာကြောင့် ကျောင်းဆက်မထားတာလဲ ကျောင်းနေအရွယ် စာရင်းရှိထားတယ်။ ဘာလို့ ကျောင်းမအပ်တာလဲဆိုပြီး အိမ်အထိ လာမေး ပြောသွားတာ။ ကူညီပေးမယ်လို့ ဘာညာတခွန်းတောင် မပြောပါဘူး။ ကျောင်းတက်ရမယ့် အရွယ်ကို ကျောင်းမထားရင် အရေးယူခံရမယ်လို့ပဲ ပြောတာ” လို့ ပြောပါတယ်။
ဧရာဝတီတိုင်းထဲက ဘိုကလေး၊ မော်လမြိုင်ကျွန်း၊ ကျိုက်လတ်၊ ဟိုင်းကြီးကျွန်း၊ ပုသိမ်၊ ကြံခင်း၊ မအူပင်၊ ဟင်္သာတ စတဲ့မြို့နယ်တွေမှာ စစ်ကောင်စီခန့် အုပ်ချုပ်ရေးမှူးတွေ၊ လက်အောက်ခံ ရဲတပ်ဖွဲ့နဲ့ ပညာရေးဝန်ထမ်းတွေက ကျောင်းနေအရွယ်ကလေးတွေကို ကျောင်းမအပ်ပါက တရားစွဲခံရမယ်လို့ မိဘတွေကို ပြောဆိုဖိအားပေး ကျောင်းအပ်ခိုင်းနေတာလို့ ဆိုပါတယ်။
တိုင်းပညာရေးမှူးရုံးနဲ့ နီးစပ်သူက “ဘာအတွက်လဲတော့ မသိဘူးပေါ့နော်။ စာရင်းကောက်ခိုင်းတာတော့ ဟုတ်ပါတယ်။ ဘာကြောင့် ကျောင်းဆက်မထားနိုင်တာလဲ ဆိုတာကို ကျောင်းသားမိဘတွေနဲ့ တရင်းတနှီး လေးလေးစားစား ကွင်းဆင်း ဆွေးနွေးခိုင်းတာပါ။ ဖိအားပေး၊ ခြိမ်းခြောက်တာမျိုး လုပ်ခိုင်းတာမရှိပါဘူး” လို့ ပြောပါတယ်။
ကျောင်းထားစရိတ် ကုန်ကျမှုများလာတာ၊ ကျောင်းသုံးပစ္စည်းတွေ ဈေးတက်လာတာ၊ တိုက်ပွဲဖြစ်ပွားလာတာ စတဲ့ အခက်အခဲအမျိုးမျိုးကြောင့် ဧရာဝတီတိုင်းမှာ အခုပညာသင်နှစ်မှာ အခြေခံပညာကျောင်း ဆက်မထားနိုင်တဲ့ ရာခိုင်နှုန်း ၄၀ ကျော်အထိ ရှိလာပြီး ကျောင်းအပ်နှုန်း လျော့ကျလာတယ်လို့ တိုင်းပညာရေးမှူးရုံးနဲ့ နီးစပ်သူတွေဆီက သိရပါတယ်။
ဒါ့အပြင် အခုပညာသင်နှစ်မှာ ကျောင်းအပ်ထားတဲ့ ကျောင်းသား၊ ကျောင်းသူတွေအနေနဲ့ စစ်ကောင်စီက ထောက်ပံ့မယ်လို့ ကြေညာထားတဲ့ ကျောင်းသုံးစာအုပ်၊ ခဲတံ၊ ဘောပင်၊ ဗလာစာအုပ်တွေလည်း အပြည့်အဝမရတာ၊ လုံးဝမရတာတွေ ဖြစ်ပေါ်နေတယ်လို့ သိရပါတယ်။
စစ်ကောင်စီက အခြေခံပညာကျောင်းတွေကို ၂၀၂၅ ခု မေ ၂၂ ရက်က ကျောင်းအပ် စတင်လက်ခံခဲ့ပြီး ဇွန် ၂ ရက်မှာ စာသင်ကျောင်းတွေကို စတင်ဖွင့်လှစ်ထားပါတယ်။