
နိုင်ဂျီးရီးယားနိုင်ငံ မိုခွာမြို့မှာ ကြာသပတေးနေ့ကစတဲ့ ရေကြီးရေလျှံမှုတွေကြောင့် သေဆုံးသူ အယောက် ၂၀၀ ကျော်အထိ တိုးလာတယ်လို့ အာဏာပိုင်တွေက ပြောပါတယ်။
ရှာဖွေရေးလုပ်ငန်းတွေ ဆက်လုပ်နေပြီး နိုင်ဂျာပြည်နယ်မှာ လူ ၅၀၀ ပျောက်ဆုံးနေဆဲပါ။ ဘယ်သူမှ အသက်မရှင်နိုင်တော့ဘူးလို့ အာဏာပိုင်တွေက ယုံကြည်နေလို့ ကယ်ဆယ်ရေးလုပ်ငန်းတွေ ရပ်သွားပြီလို့ မိုခွာ ဒေသန္တရအစိုးရ လက်ထောက်အကြီးအကဲ မူဆာ ကင်မ်ဘူခုက မီဒီယာတွေကို ပြောပါတယ်။
ရေကြီးမှုကို နှစ် ၆၀ အတွင်း အဆိုးရွားဆုံးလို့ သတ်မှတ်ထားပါတယ်။ တစ်ဖင်မာဇာနဲ့ အန်ဂူဝမ် ဟောက်ဇာဝါမြို့တွေမှာ မိုးသည်းပြီး ရေလွှမ်းနေပါတယ်။
ရောဂါကာကွယ်ဖို့ ကြိုးပမ်းရင်း အာဏာပိုင်တွေက မြေအောက်မှာ မြုပ်နေတဲ့ အလောင်းတွေကို မကြာမီ စပြီးတူးဖော်တော့မယ်လို့ မိုခွာခရိုင်အကြီးအကဲ မူဟမ်မာဒူ အလီယူက ပြောပါတယ်။
ဒေသခံတွေက သူတို့ရဲ့အိမ်တွေနဲ့ မိသားစုဝင်တွေ ရေထဲမျောပါသွားတာ တွေ့ခဲ့ရတယ်လို့ မီဒီယာကို ပြောပါတယ်။
တနင်္ဂနွေနေ့မှာ အမျိုးသား အရေးပေါ်စီမံခန့်ခွဲမှု အေဂျင်စီ (Nema) က ရေဘေးသင့် ပြည်သူတွေကို ကယ်ဆယ်ရေးပစ္စည်းတွေပေးတဲ့ လုပ်ငန်းစဉ် စပြီလို့ ကြေညာခဲ့ပါတယ်။
ရေကြီးလို့ လမ်းတွေနဲ့ တံတားတွေလည်း ထိခိုက်ခဲ့ပြီး ဒေသတွင်း စီးပွားရေးနဲ့ ယာဉ်ကြောကို ထိခိုက်ခဲ့တယ်လို့ အေဂျင်စီက ဖေ့စ်ဘွတ်ခ် လူမှုကွန်ရက်မှာ ထည့်သွင်းပြောခဲ့ပါတယ်။
ရေကြီးမှုကြောင့် အသက်ဆုံးရှုံးခဲ့ရပြီး နေရာအနှံ့အပြားမှာ ဒုက္ခရောက်ခဲ့ရတယ်လို့ နိုင်ဂျီးရီးယား ကြက်ခြေနီအဖွဲ့ကလည်း သောကြာနေ့မှာ သတင်းထုတ်ပြန်ခဲ့ပါတယ်။
ဧပြီလကနေ အောက်တိုဘာလအထိ ကြာတဲ့ နိုင်ဂျီးရီးယား မိုးရာသီမှာ ရေကြီးတာက မထူးဆန်းပါဘူး။
၂၀၂၄ ခုနှစ်တုန်းက နိုင်ဂျီးရီးယားမှာ မိုးသည်းလို့ ရေကြီးရေလျှံခဲ့ရပြီး လူတွေသေဆုံးတဲ့အပြင် အိမ်တွေကနေ စွန့်ခွာခဲ့ရပါတယ်။
၂၀၂၂ ခုနှစ်မှာလည်း အကြီးအကျယ် ရေဘေးသင့်ခဲ့လို့ လူပေါင်း ၆၀၀ ကျော်သေဆုံးပြီး ၁ ဒသမ ၃ သန်း အိုးမဲ့အိမ်မဲ့ ဖြစ်ခဲ့ရပါတယ်။
Source: Reuters