
စစ်တပ်ကြောင့် စာသင်ကျောင်းတွေမဖွင့်နိုင်တာလို့ ပြောမိတဲ့ ဧရာဝတီတိုင်း၊ လေးမျက်နှာမြို့နယ် က အမျိုးသမီးတယောက်ကို စစ်အာဏာရှင်က ဖမ်းဆီးလိုက်တယ်လို့ ဒေသခံတွေဆီက သိရ ပါတယ်။
စစ်တပ်က လေကြောင်းကနေဗုံးကြဲချလို့ လေးမျက်နှာမြို့နယ်မှာ စာသင်ကျောင်းတွေ မဖွင့်နိုင် တာလို့ ပြောမိတဲ့အတွက် လေးမျက်နှာမြို့နယ်၊ ချင်းကုန်းကျေးရွာက အသက် ၃၉ နှစ်အရွယ် ဒေါ်ပိုးပိုး ကို ဇူလိုင် ၃ ရက် ညနေပိုင်းက စစ်တပ်က ဖမ်းဆီးသွားတာလို့ ဆိုပါတယ်။
ဖြစ်စဉ်ကိုသိရှိတဲ့ ဒေသခံတယောက်က “မပိုးပိုးကို တပ်ကဖမ်းတာဟုတ်တယ်။ အုပ်ချုပ်ရေးမှူးက သတင်းပေးလို့ ဖမ်းသွားတာလို့သိရတယ်။ ပါးစပ်နဲ့ ရပ်ရွာထဲမှာ ပညာရေးနဲ့ ပတ်သက်ပြီး ပြောမိတာ” လို့ပြောပါတယ်။
ဒေါ်ပိုးပိုးကို စစ်တပ်က ဘယ်မှာ ဖမ်းဆီးထားတယ်ဆိုတာ မသိရသလို ကျေးရွာအုပ်ချုပ်ရေး အဖွဲ့တွေဆီမှာ စုံစမ်းကြည့်တာလည်း မရဘူးဖြစ်နေတယ်လို့ ဒေသခံတွေက ဆိုပါတယ်။
စစ်တပ်နဲ့ နီးစပ်သူတယောက်က “စစ်တပ်ကြောင့် စာသင်ကျောင်းတွေ ပျက်စီးရတယ်၊ ကလေး တွေ ပညာသင်ကြားခွင့်တွေ ဆုံးရှုံးရတယ် ပြောတာကို တပ်အမာခံသတင်းပေးနဲ့ အုပ်ကြီးက တပ်ကို သတင်းပို့ပြီး အဲအမျိုးသမီးကိုဖမ်းခိုင်းလို့ဖမ်းတာ” လို့ပြောပါတယ်။
အဖမ်းခံရတဲ့ အမျိုးသမီးဟာ စစ်တပ်အာဏာမသိမ်းခင် ၂၀၁၉ နဲ့ ၂၀၂၀ ခုနှစ်လောက်က ကလေး တွေကို အခမဲ့ ပညာသင်ပေးခဲ့ဖူးသူဖြစ်တယ်လို့ သိရပါတယ်။
စစ်တပ်က လေကြောင်းကနေ ဗုံးတွေကြဲတာကြောင့် လေးမျက်နှာမြို့နယ်က အခြေခံပညာ စာသင်ကျောင်း ၇၀ ထက်မနည်းဟာ အခု ၂၀၂၆ - ၂၇ ပညာသင်နှစ်မှာ မဖွင့်နိုင်ဘဲ ပိတ်ထား ရတယ်လို့ သိရပါတယ်။










