
ဧရာဝတီတိုင်း၊ ငါးသိုင်းချောင်းမြို့ အမှတ် ၃၄၄ အမြောက်တပ်ရဲ့ အနောက်ဘက်မှာ စစ်ကောင်စီတပ်က မြေကြီးကျင်းတွေ တူးပြီး လျှပ်စစ်ဝါယာရှော့တိုက်လို့ရအောင် ပြုလုပ်ထားတယ်လို့ ဒေသခံတွေဆီကနေ သိရပါတယ်။
နေ့စဥ် အရပ်သားလူငယ်တွေကို ပေါ်တာဆွဲနေပြီး အနက် ၆ ပေ အကျယ် ၃ ပေအထိ မြေကြီးကျင်းတွေ တူးခိုင်းတာလို့ ဆိုပါတယ်။
ဒေသခံတယောက်က “၃၄၄ အမြောက်တပ်ရဲ့ အနောက်ဘက်တကြောလုံးကို လူတရပ်စာ အနက် ၆ ပေလောက်ရှိတဲ့ မြေတူးပြီး လျှပ်စစ်ဝါယာကြိုးတွေ မြေမြှုပ်ပြီး လျှပ်စစ်လွှတ်ထားတာ တွေ့တယ်” လို့ ပြောပါတယ်။
အမြောက်တပ်ကို အာရက္ခတပ်တော် (AA) နဲ့ တော်လှန်ရေးတပ်ဖွဲ့တွေ ဝင်စီးလို့မရအောင် လုပ်ထားတဲ့သဘောရှိတယ်လို့ ဆိုပါတယ်။
ဧရာဝတီတိုင်းနဲ့ ရခိုင်ရိုးမအစပ်တွေမှာရှိတဲ့ စစ်ကောင်စီတပ်စခန်းတွေမှာ ခံစစ်အတားအဆီး အမျိုးမျိုးပြုလုပ်နေပြီး အရပ်သားပြည်သူတွေကိုပါ ပေါ်တာဆွဲပြီး ခိုင်းနေတာလို့လည်း မျက်မြင်တွေ့ရှိခဲ့သူတယောက်က ပြောပါတယ်။
ရခိုင်ရိုးမနဲ့ ထိစပ်နေတဲ့ မြို့နယ်တွေမှာရှိတဲ့ ရဲစခန်းနဲ့ စစ်ကောင်စီတပ်စခန်းတွေမှာ ခံစစ်အတားအဆီးတွေကို ပြုပြင်တာတွေ၊ အသစ်ထပ်ဆောက်တာတွေ ပြုလုပ်နေပြီး ၃၄၄ အမြောက်တပ် အနောက်ဘက်မှာတော့ ဝါယာရှော့တိုက်ထားတဲ့ မြေကြီးကျင်းတွေပါ တူးထားတာဖြစ်ကြောင်း ဒေသခံတွေဆီက သိရပါတယ်။