
ကချင်ပြည်နယ် ဖားကန့်မြို့နယ်မှာ ဇူလိုင် ၃ ရက် မနက်ပိုင်းက မြေစာပုံပြိုကျပြီး ကျောက်ရှာ နေတဲ့ အလုပ်သမား အနည်းဆုံး ၅ ယောက် သေဆုံးခဲ့တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။
ဆိပ်မူကျေးရွာအုပ်စု၊ နမ့်မှော်နဲ့ ကောင်စံရွာကြားမှာရှိတဲ့ စိန်လုံတောင်တန်းကြောက ကုမ္ပဏီ လုပ်ကွက် တခုမှာ မြေစာပုံပြိုကျခဲ့တာ လို့ ဒေသခံတယောက်က ပြောပါတယ်။
“သူက ကုမ္ပဏီ လုပ်ကွက်ပေါ့။ ဘက်ဟိုး ၂ စီးလည်းပါ သွားတယ်။ ကျောက်ရှာနေတဲ့ အလုပ်သမား ၅ ယောက်လောက်လည်း ပါသွားတယ်။ တချို့ပြောတာလည်း ဒီထက်များနိုင်တယ် ပြောတယ်”
မြေပြိုတဲ့နေရာမှာ ဒေသတွင်း လူမှုကူညီရေးအသင်းတွေပါ ပူးပေါင်းပြီး ရှာဖွေကယ်ဆယ်ရေး လုပ်ဆောင်နေပေမဲ့ ပျောက်ဆုံးနေသူတွေကို ရှာမတွေ့သေးဘူးလို့ ဒေသခံတွေက မွန်းလွဲ ၃ နာရီခွဲ ဝန်းကျင်မှာ DVB ကို ပြောပါတယ်။
ကချင်ပြည်နယ်အတွင်း မိုးရက်ဆက် သည်းထန်စွာရွာသွန်းနေပြီး အခုလို မိုးသည်းထန်တာ ကြောင့် ဖားကန့်က ကျောက်စိမ်းလုပ်ကွက်တွေနဲ့ မြေစာပုံအဟောင်းတွေ မကြာခဏ မြေပြိုကျ နေရတယ်လို့လည်း ဒေသခံတွေက ပြောပါတယ်။
ပြီးခဲ့တဲ့ ဇွန် ၂၈ ရက်ကလည်း ဖားကန့်မြို့နယ်၊ ဆိပ်မူကျေးရွာအုပ်စု၊ နမ့်မှော်ရွာ၊ သုံးသိန်း မှော်ဘက်မှာ မြေစာပုံပြိုကျလို့ ရေမဆေးရှာနေတဲ့ လူ ၇ ယောက် ပါသွားပြီး ၄ ယောက်ရဲ့ ရုပ်အလောင်းကိုပဲ ပြန်တွေ့ခဲ့တယ်လို့ သိရပါတယ်။
ပြီးခဲ့တဲ့ နှစ်တွေကလည်း ဖားကန့်ဒေသမှာ ကျောက်စိမ်းရှာဖွေရေးလုပ်ကွက်တွေနဲ့ စွန့်ပစ်မြေစာပုံ ပြို ကျတာကြောင့် ကျောက်ရှာဖွေသူ ဆယ်နဲ့ချီ သေဆုံးခဲ့ပါတယ်။
ဒါ့အပြင် စွန့်ပစ်မြေစာပုံအဟောင်းတွေပေါ်ကနေ ခြေချော်ပြုတ်ကျတာကြောင့်လည်း ရေမဆေးကျောက် ရှာသူတွေ နှစ်စဉ် သေဆုံးနေပါတယ်။










