DVB Logo
Home
မြန်မာသတင်း
တောင်သာက တိုက်ခိုက်မှုများအတွင်း စစ်တပ်ဘက်က ၆ ဦးသေ၊ လက်နက်ခဲယမ်းများရရှိ
DVB
·
June 1, 2025
တောင်သာက တိုက်ခိုက်မှုများအတွင်း စစ်တပ်ဘက်က ၆ ဦးသေ၊ လက်နက်ခဲယမ်းများရရှိ
Donate to DVB

မန္တလေးတိုင်း၊ တောင်သာမြို့နယ်ထဲက စစ်ကောင်စီတပ်စခန်း၊ ရိက္ခာနဲ့စစ်ကူပို့တဲ့စစ်ကြောင်းနဲ့ ဝန်ထမ်းအိမ်ရာတွေကို ဝင်ရောက်တိုက်ခိုက်ခဲ့လို့ စစ်ကောင်စီတပ်ဖွဲ့ဝင် ၆ ယောက်ထက်မနည်း သေဆုံးပြီး ဝန်ထမ်းတွေနဲ့ သုံ့ပန်း ၁ ယောက် ဖမ်းမိခဲ့သလို ငွေသားနဲ့ စစ်အသုံးအဆောင် ပစ္စည်းတွေလည်း သိမ်းဆည်းရရှိခဲ့တယ်လို့ တောင်သာမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ (တောင်သာ ပကဖ) ဆီကနေ သိရပါတယ်။

တောင်သာ ပကဖ ရဲ့ ပြန်ကြားရေးတာဝန်ရှိသူက “တောင်သာကနေ ကျောက်ပန်းတောင်းဘက် အထွက်က မင်္ဂလာဦးရပ်ကွက်မှာရှိတဲ့ စစ်တပ်အထိုင်စခန်းနဲ့ ဘူတာကုန်းရပ်ကွက်က Non CDM ဝန်ထမ်းအိမ်ယာတွေကို တပြိုင်နက် ဝင်ရောက်စီးနင်းတိုက်ခိုက်ခဲ့တယ်။ နောက်တခုက တောင်သာဘက်ကနေ ဝဲလောင်ရွာဘက်ကို ရိက္ခာနဲ့စစ်ကူပို့တဲ့ အံစာတုံးကားကို ဖြတ်တိုက်ခဲ့တယ်။ အဲဒီဖြစ်စဉ်တွေက ပြီးခဲ့တဲ့ရက်ပိုင်းမှာ ဖြစ်ခဲ့တဲ့ တိုက်ပွဲအခြေအနေတွေကို ထုတ်ပြန်လို့ရသလောက် ထုတ်ပြန်ပေးတာပါ။ ထုတ်ပြန်လို့မရသေးတဲ့ တိုက်ပွဲအခြေအနေတွေလည်း ရှိသေးတယ်။ တိုက်ပွဲကလည်း ဖြစ်နေတုန်း။ စစ်ရေးအခြေအနေကလည်း တင်းမာနေဆဲပဲ” လို့ ပြောပါတယ်။

မေ ၂၂ ရက်နေ့က မင်္ဂလာဦးရပ်ကွက်မှာရှိတဲ့ စစ်တပ်အထိုင်စခန်းနဲ့ ဘူတာကုန်းရပ်ကွက်က ဝန်ထမ်းအိမ်ရာတွေကို ဝင်ရောက်တိုက်ခိုက်ရာမှာ တောင်သာ ပကဖ နဲ့အတူ တောင်သာ စစ်ဆင်ရေးအဖွဲ့၊ မိတ္ထီလာမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့နဲ့ တပ်ရင်းမှူး ရဲဘော်ကီး ဦးဆောင်တဲ့ နေပြည်တော် PDF အမှတ် ၈၀၁ တို့ ပူးပေါင်းတိုက်ခိုက်ခဲ့ကြတာဖြစ်ပြီး ဝဲလောင်ရွာဘက်ကို ရိက္ခာနဲ့စစ်ကူပို့တဲ့ကားကိုတော့ မေ ၂၇ ရက်နေ့ညဦးပိုင်းမှာ တောင်သာ ပကဖ က တပ်ဖွဲ့ဝင်ရဲဘော်တွေက တိုက်ခိုက်ခဲ့ကြတာလို့ ဆိုပါတယ်။

တောင်သာ ပကဖ ရဲ့ တာဝန်ခံ ကိုကြည်စတား က “ဘူတာကုန်းရပ်ကွက်က Non CDM ဝန်ထမ်းနေတဲ့ ဝန်ထမ်းအိမ်ရာကိုတိုက်ခိုက်ရတာက တောင်သူမြို့နယ်ထဲမှာ စစ်တပ်ရဲ့အုပ်ချုပ်ရေးနဲ့ စီမံခန့်ခွဲရေး ယန္တရားရပ်တန့်ဖို့ပါ။ ဝန်ထမ်းအိမ်ရာကိုစီးနင်းတော့ စစ်ကောင်စီထောက်တိုင် ဝန်ထမ်း ၁၁ ယောက်ကို အရှင်ဖမ်းဆီးနိုင်ခဲ့တယ်။ သူတို့ကို အခုလောလောဆယ်မှာတော့ တိုက်ပွဲတွေရှိနေသေးလို့ လုံခြုံတဲ့နေရာမှာ ထိန်းသိမ်းထားတယ်။ စစ်ဆေးတာတွေဘာတွေ မလုပ်နိုင်သေးဘူး” လို့ ပြောပါတယ်။

မင်္ဂလာဦးရပ်ကွက်က စစ်စခန်းနဲ့ စစ်ကူတွေကို တိုက်ခိုက်ရာမှာတော့ စစ်ကောင်စီဘက်က ၆ ယောက် သေဆုံးခဲ့တယ်လို့ သူက ဆက်ပြောပါတယ်။

“ကွန်ကရစ်ဘန်ကာတွေ၊ ကတုတ်ကျင်းတွေနဲ့ အခိုင်အမာလုပ်ထားတဲ့ မင်္ဂလာဦးရပ်ကွက်က စစ်တပ်အထိုင်စခန်း တိုက်ပွဲမှာတော့ စစ်ခွေး ၂ ကောင်သေတယ်။ ကျန်တဲ့ကောင်တွေက ထွက်ပြေးသွားကြလို့ ဂိတ်တဲတွေကို မီးရှို့ဖျက်ဆီးခဲ့တယ်။ သူတို့ဆီ စစ်ကူလာတဲ့ကောင်တွေကို လမ်းကနေဖြတ်ပြီး ထပ်တိုက်ခဲ့လို့ စစ်ခွေး ၁ ကောင်နဲ့ ရဲခွေး ၁ ကောင်ထပ်သေတယ်။ နောက်တပွဲက ဝဲလောင်ဘက်ကို ရိက္ခာနဲ့အင်အားသွားပို့တဲ့ အံစာတုံးကားနဲ့ ဒိုင်နာဆယ်ပေတို့လိုကားမျိုးနဲ့ အင်အား ၃၀ လောက်ပါတဲ့ယာဉ်တန်းကို လမ်းကနေဖြတ်တိုက်တော့လည်း စစ်ခွေး ၂ ကောင်သေတယ်။ ရဲတပ်သား ၁ ယောက်ကို အရှင်ဖမ်းမိခဲ့တယ်”

ကားပေါ်မှာပါတဲ့သူတွေထဲမှာ ဒဏ်ရာရသူများပြီး ထွက်ပြေးကုန်ကြတယ်လို့ ဖမ်းမိတဲ့ ရဲသုံ့ပန်းက ပြောကြောင်းလည်း သူက ဆိုပါတယ်။

မင်္ဂလာဦးရပ်ကွက်မှာရှိတဲ့ စစ်တပ်အထိုင်စခန်းကနေ ခရီးသွားပြည်သူတွေဆီကနေ အတင်းတောင်းခံထားတဲ့ ငွေကျပ် ၉၆ သိန်း၊ ပစ္စတိုသေနတ် ၁ လက်၊ ကျည် ၁၅၀၈ တောင့်၊ MA1 ကျည်ဘောက် ၄ ခု၊ G3 ကျည်ဘောက် ၂ ခုတို့ သိမ်းဆည်းရရှိခဲ့ပြီး ဝဲလောင်ဘက်ကို ရိက္ခာနဲ့အင်အားပို့သွားတဲ့ယာဉ်တန်းကို တိုက်ခိုက်ရာမှာတော့ ကား ၁ စီး၊ G4 သေနတ် ၁ လက်၊ 5.56 ကျည် ၃၂၈ တောင့်၊ 63 ကျည် ၄၆၈ တောင့်၊ ၆၀ မမ ဗုံးသီး ၆ လုံး၊ Icon စက် ၁ လုံး၊ လက်ပစ်ဗုံး ၂ လုံး၊ ကျည်ဘောက် ၈ ခု နဲ့ R7 အဖူး ၁ ဖူး တို့ ထပ်မံသိမ်းဆည်းရရှိခဲ့တယ်လို့ သိရပါတယ်။

တိုက်ပွဲတွေအတွင်း တော်လှန်ရေးတပ်ဖွဲ့ဝင်တွေဘက်က ထိခိုက်ဒဏ်ရာရရှိသူမရှိဘူးလို့လည်း တောင်သာ ပကဖ ရဲ့ တာဝန်ခံက ပြောပြီး ပြည်သူ့ကာကွယ်ရေးတပ်ပေါင်းစုတွေဟာ ပြီးခဲ့တဲ့ မေ ၁၅ ရက်နေ့ကစလို့ 9/A Nyar Myae Operation အဖြစ် မြင်းခြံ၊ နွားထိုးကြီး၊ တောင်သာနဲ့ ငါန်းဇွန်မြို့နယ်ထဲမှာရှိတဲ့ စစ်ကောင်စီတပ်စခန်းတွေကို တပြိုင်တည်း ဝင်ရောက်တိုက်ခိုက်နေတာ ဖြစ်ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013