
ရုရှားသမ္မတပူတင်နဲ့ ယူကရိန်းသမ္မတ ဇလန်းစကီးတို့ဟာ ခေါင်းမာကြတယ်လို့ အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ပ်က ပြောပါတယ်။
ဘဲဥပုံရုံးခန်းမှာ သတင်းထောက်တွေက ပူတင်ဟာ ခေါင်းမာသူတယောက်လားလို့ မေးတဲ့ မေးခွန်းကို ထရမ့်ပ်က အခုလို ပြောဆိုခဲ့တာပါ။
အပစ်အခတ်ရပ်စဲဖို့ ကြိုးစားနေချိန်မှာ ယူကရိန်းကို ရုရှားရဲ့ ဗုံးကြဲမှုက အံ့ဩစရာကောင်းကြောင်းနဲ့ စိတ်ပျက်မိကြောင်း ထရမ့်ပ်က ပြောဆိုခဲ့ပါတယ်။
ဒါ့အပြင် ထရမ့်ပ်က အမေရိကန်နဲ့ သဘောတူညီမှုကို တရုတ်ကချိုးဖောက်တယ်လို့ စွပ်စွဲခဲ့ပါသေးတယ်။
ထရမ့်ပ်က ကုန်သွယ်မှုနဲ့ အခွန်ကောက်ခံမှုကွဲပြားမှုတွေအပေါ် တရုတ်သမ္မတ ရှီကျင့်ဖျင်နဲ့ ဆွေးနွေးပြီး ဖြေရှင်းနိုင်မယ်လို့ မျှော်လင့်တဲ့အကြောင်းလည်း ပြောဆိုထားပါတယ်။
မေ ၃၀ ရက်နေ့က ဘဲဥပုံရုံးခန်းမှာပြုလုပ်တဲ့ မီဒီယာတွေ့ဆုံပွဲမှာ ထရမ့်ပ်က သူ့ဘေးမှာရပ်နေတဲ့ အီလွန်မတ်ကိုလည်း ချီးကျူးစကားပြောဆိုခဲ့ပါတယ်။
ထောင်နဲ့ချီတဲ့ အလုပ်ထုတ်ပယ်မှု၊ ဒေါ်လာဘီလီယံချီတဲ့ ဘတ်ဂျက်လျော့ချတာတွေကြောင့် ဖရိုဖရဲအခြေအနေတွေဖြစ်ပြီးနောက် အီလွန်မတ်ဟာ DOGE အဖွဲ့ကနေ ထွက်ခဲ့ပေမယ့် ထရမ့်ပ်ကတော့ ‘အီလွန်က အမှန်တကယ် ထွက်ခွာတာ မဟုတ်ပါဘူး။ သူက အသွားအပြန်လုပ်နေမှာပါ’ လို့ ပြောဆိုခဲ့ပါတယ်။
အဲဒီ မီဒီယာတွေ့ဆုံပွဲမှာ အီလွန်မတ်က သူ့ရဲ့စီးပွားရေးလုပ်ငန်းတွေကို အာရုံစိုက်ထားမယ်လို့ ပြောဆိုခဲ့ပါတယ်။
DOGE ဟာ အဆုံးသတ်မှာမဟုတ်ဘဲ အမှန်တကယ် အစပြုရုံသာရှိသေးကြောင်းနဲ့ ထရမ့်ပ်ရဲ့ အကြံပေးတယောက်အဖြစ် ဆက်ပြီးရှိနေမှာဖြစ်တဲ့ အကြောင်းလည်း ပြောဆိုထားပါတယ်။
Source: Reuters