ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့မှာ မေ ၃၁ ရက် ည ၁၀ နာရီလောက်ကစပြီး အနိမ့်ပိုင်းရပ်ကွက်တွေထဲနဲ့ မနောကွင်းက စားသောက်ဆိုင်တချို့ ရေဝင်လာတာကြောင့် ညတွင်းချင်း ရွှေ့ပြောင်းနေရတယ်လို့ ဒေသခံတွေက သိရပါတယ်။
မြို့သစ်ကြီးအနောက်ဘက်၊ ကြက်ပေါင်ခြံ၊ ရမ်ပူ စတဲ့ ရေစတင်ဝင်ရောက်နေပြီဖြစ်တဲ့ ရပ်ကွက်တွေမှာ နေရာရွှေ့ပြောင်းဖို့အတွက် လူမူကူညီရေးအသင်းတွေကလည်း လိုက်လံကူညီပေးနေတယ်လို့ ဆိုပါတယ်။
ဒေသခံတယောက်က “ရေက မနှစ်ကထက် ရေဝင်တာမြန်တယ်။ ည ၁၀ နာရီလောက်ကစပြီး မြေနိမ့်ပိုင်းရပ်ကွက်တွေထဲ ရေဝင်လာပြီ။ နောက် မနောကွင်းထဲ စားသောက်ဆိုင်တွေထဲ ရေဝင်နေပြီ။ ဒီနှစ်က မနှစ်ကထက် ပိုပြီးဂရုစိုက်ရမယ် ထင်တယ်။ အထက်ဘက်မှာလည်း ရေကြီးနေတုန်းပဲ။ ချီဖွေကြိုးတံတားလည်း မြုပ်သွားတဲ့ ရုပ်သံဖိုင်တွေတက်လာတယ်။ ရေကြီးတာ မနှစ်ကထက် ပိုဆိုးလာမလားပဲ” လို့ ပြောပါတယ်။
ကချင်ပြည်နယ် မိုးလေဝသဌာနဦးစီးမှူးကလည်း မြစ်ရေအခြေအနေကို သူ့ရဲ့ ဖေ့စ်ဘွတ်ခ်ကနေ ထုတ်ပြန်ပေးနေပြီး ဇွန် ၁ ရက် ဒီမနက် ၆ နာရီခွဲမှာ ဧရာဝတီမြစ်ရေဟာ မြစ်ကြီးနားမြို့မှာ ၁၀၈၃ စင်တီမီတာရှိတယ်လို့ ဆိုပါတယ်။
မြစ်ကြီးနားမြို့ရဲ့ စိုးရိမ်ရေမှတ်က ၁၂၀၀ စင်တီမီတာဖြစ်ပြီး ရေတက်နှုန်းက ၁ နာရီက ၃ စင်တီမီတာဖြစ်လို့ နည်းနည်းလျော့သွားတယ်လို့လည်း ဆိုပါတယ်။
ပြီးခဲ့တဲ့ မေ ၂၃ ရက်ကစပြီး ချီဖွေ၊ ပန်ဝါ၊ ဆော့လော်၊ လန်ဆယ်၊ ခေါင်လန်ဖူး၊ ပူတာအိုဘက်မှာ မိုးသည်းသည်းထန်ထန်ရွာနေတာကြောင့် မေခမြစ်ရေမြင့်တက်လာတာဖြစ်ပါတယ်။
ကချင်ပြည်နယ်မှာ ပြီးခဲ့တဲ့ ၂၀၂၄ ခုနှစ် ဇွန်လက စိုးရိမ်ရေအမှတ်ကျော်လွန်ပြီး ရေကြီးရေလျှံခဲ့တာကြောင့် မြစ်ကြီးနားမြို့အပါအဝင် ဝိုင်းမော်၊ ချီဖွေ၊ ပူတာအိုနဲ့ ဖားကန့် စတဲ့ မြို့ကြီးတွေမှာ ပြည်သူတွေရေဘေးအန္တရာယ်ကြုံတွေ့ခဲ့ရပါတယ်။