
ကရင်နီပြည်နယ်၊ ဘောလခဲမြို့နယ်အတွင်းက စစ်ကောင်စီတပ်ရဲ့ ကာကင်းစခန်းတခုကို တော်လှန်ရေးအင်အားစုတွေ သွားရောက်တိုက်ခိုက်ချိန် ထိတွေ့မှုဖြစ်ပြီး စစ်ကောင်စီဘက်က ၄ ယောက်ထက်မနည်းသေဆုံး၊ လက်နက် ၅ လက် သိမ်းဆည်းရမိတယ်လို့ ကရင်နီပြည်တပ်မတော် KA စစ်ရေးချုပ် ဗိုလ်မှူးဘုန်းနိုင်က မေ ၃၁ ရက်နေ့မှာ ပြောပါတယ်။
မေ ၃၀ ရက်နေ့ မနက်ပိုင်းမှာ ခမရ ၃၃၇ အနီးနားက ကာကင်းကို သွားရောက်တိုက်ခိုက်ချိန် လက်နက် ၅ လက်နဲ့ ခဲယမ်းတချို့သိမ်းဆည်းရမိပြီး စစ်ကောင်စီတပ်သား ၄ ယောက်ထက်မနည်း သေဆုံးတယ်လို့ သိရပါတယ်။
ဗိုလ်မှူးဘုန်းနိုင်က “ဘောလခဲ ကာကင်းက မနေ့က လုပ်တယ်လေ။ လက်နက်နဲ့ ကျည်ဆံတချို့ရတယ်။ အလောင်း ၄ လောင်းတွေ့တယ်။ အဲလောက်ပဲပြောလို့ရသေးတယ်” လို့ပြောပါတယ်။
စစ်ကောင်စီတပ်က မေ ၃၀ ရက်နေ့မှာ ဘောလခဲမြို့နယ်အတွင်းက ကျေးရွာတခုကို လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ခဲ့ပြီး ပြည်သူနဲ့ နေအိမ်ထိခိုက်မှုရှိ၊ မရှိကိုတော့ အတည်မပြုနိုင်သေးလို့ ပြောပါတယ်။
ပြီးခဲ့တဲ့ မေ ၂၅ ရက်နေ့က စစ်ကောင်စီတပ်ရဲ့ရေနီပေါက် ကာကင်းစခန်းကို တော်လှန်ရေးအင်အားစုက သိမ်းပိုက်နိုင်ခဲ့ပြီး စစ်ကောင်စီတပ်ဖွဲ့ဝင် ၁၄ ယောက် သေဆုံးတဲ့အပြင် လက်နက်ခဲယမ်းတွေလည်း သိမ်းဆည်းရမိခဲ့ပါသေးတယ်။