
လားရှိုးမှာ စစ်ကောင်စီတပ်ဖွဲ့ လွှဲပြောင်းအုပ်ချုပ်ပြီးနောက် သူခိုး၊ ဓားပြတွေများလာသလို ဌာနဆိုင်ရာရုံး တချို့ပဲ လည်ပတ်နိုင်သေးတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။
ဒေသခံတယောက်က “အခု ဒီမှာက စစ်ကောင်စီ တပ်ဖွဲ့တွေ ဝင်လာတာနဲ့ သူခိုး၊ ဓားပြတွေ အရမ်းများလာတယ်။ စစ်သားဝတ်စုံနဲ့ တနေ့ကလည်း ဆိုင်ကယ်ခိုးသွားတဲ့ လူရှိတယ်ကြားတယ်။ မြို့ထဲက စစ်သားတွေလို့ ပြောတယ်။ သူတို့လုပြီး ဆိုင်ကယ်လာထားတယ် ဆိုတာလည်းကြားရတယ်။ အဲဒါကြောင့် ည မိုးချုပ်ရင် ဘယ်သူမှ ထွက်လို့မရဘူး” လို့ ပြောပါတယ်။
ကိုးကန့် MNDAA အုပ်ချုပ်တဲ့အချိန်တုန်းကတော့ လုံခြုံပြီး အဲဒီအခြေအနေကိုတော့ ပြည်သူတွေက ကြိုက်ကြတယ်လို့လည်း ဒေသခံတွေက ဆိုပါတယ်။
ဒေသခံနောက်တယောက်က “စစ်ကောင်စီဝင်လာတဲ့ နောက်ပိုင်းကျတော့ လုံခြုံရေးအရ သိပ် အားနည်းသွားပြီ။ သူတို့ စ ဝင်လာတာနဲ့ကို ဒီလားရှိုးမှာ လုယက်တာတွေ၊ ခိုးတာတွေ၊ အဲလိုမျိုးတွေ၊ အဲဒါနဲ့ ပတ်သက်ပြီးတော့ နေ့တိုင်းလိုလိုပဲ ကြားနေရတာပဲ။ ဓားပြတိုက်တာတွေ၊ အဲလိုမျိုး နေ့တိုင်းလိုလို ကြားနေရတာပဲ။ သူတို့ဘက်က အဲဒါနဲ့ပတ်သက်ပြီးတော့ ဘာမှ ပြည်သူတွေအတွက် မကာကွယ်ပေးနိုင်ဘူးကော” လို့ ပြောပါတယ်။
လားရှိုးမြို့ပေါ် ဖြစ်ပွားနေတဲ့ သူခိုး၊ ဓားပြ၊ လုယက်မှုတွေနဲ့ ပတ်သက်လို့ အရေးယူတာ၊ ဖြေရှင်း၊ ဘာမှ တာဝန်ယူ ကာကွယ်ပေးတာ ဘာမှ မတွေ့ရသလို နေ့ခင်းဘက်မှာလည်း ခမီးကြိုးတွေပါ ခိုးတာမျိုးကြုံနေရတယ်လို့ ဒေသခံ လူငယ်တယောက်က ပြောပါတယ်။
“အရင် MNDAA ထိန်းချုပ်တုန်းက လုံခြုံရေးဝန်ထမ်းတချို့က လက်နက်မအပ်ဘဲ ဓားပြတိုက်နေတာ။ စကစက ရှာနေတာ။ ခုထိမတွေ့သေးဘူး။ သူခိုးကြီးတော့ ဓားပြဖြစ်တာပဲ။ အရင်ကတည်းက သူခိုးတွေလေ။ သေနတ်တလက်ရယ်၊ လက်ပစ်ဗုံးနှစ်လုံးရယ်နဲ့ လုပ်စားနေတာ။ ပေါင်းစားပေါ့။ နာမည်ပေါက်နေတာပဲ။ ဖမ်းမမိသေးဘူး။ ပြည်သူ့စစ်တွေပါတယ်” လို့ ပြောပါတယ်။
MNDAA ထိန်းချုပ်တုန်းက ရပ်ကွက်ထဲက လူမိုက်တွေကို ထိန်းရခက်လို့ လုံခြုံရေး ခန့်ထားတာ ရှိသလို အခု စစ်ကောင်စီတွေ လက်လွှဲယူတော့လည်း လုံ/ထိန်းတွေက သူခိုးတွေပဲ ခန့်ထားခဲ့တာလို့ သူက ပြောပါတယ်။
ပြီးခဲ့တဲ့ ဧပြီ ၂၀ ရက်နေ့က MNDAA ထိန်းချုပ်ထားတဲ့ အချုပ်ထောင်ကနေ နိုင်ငံရေး အကျဉ်းသားတွေနဲ့ စစ်သုံ့ပန်း မိသားစုတွေကလွဲလို့ ပြစ်မှုမျိုးစုံနဲ့ အကျဉ်းသားဟောင်းတွေရော အကျဉ်းသားသစ်တွေပါမကျန် ထောင်ခါလွှတ်ခဲ့ပြီးနောက် အဲဒီ အကျဉ်းထောင်က လွတ်မြောက်လာသူ တချို့က လားရှိုးမြို့မှာ သွားလာနေတာတွေ့ရတယ်လို့လည်း ဒေသခံတွေက ပြောပါတယ်။
သူခိုး၊ ဓားပြ၊ လုယက်မှုတွေ ကျူးလွန်နေတဲ့သူတွေဟာ သေနတ်တွေ ကိုင်ဆောင်ထားကြတာကြောင့် စစ်ကောင်စီတပ်ပြေးတွေအပြင် MNDAA တပ်ထဲက တပ်ပြေးတွေပါ ဖြစ်နိုင်တယ်လို့ ယူဆရကြောင်းလည်း ဒေသခံတွေက ပြောပါတယ်။
အခုမေ ၁၀ ရက်နေ့ဝန်းကျင်က သိန္နီ - ကွမ်းလုံလမ်း၊ ဟူဆယ် လမ်းခွဲမှာ MNDAA တပ်ထဲ တာဝန်ထမ်းဆောင်နေတဲ့ စစ်ကောင်စီတပ်ဖွဲ့ဟောင်းတွေကို အစောင့်ချထားရာက ၁၀ ယောက် ဝန်းကျင် လက်နက်နဲ့ထွက်ပြေးသွားတာရှိသလို၊ စစ်ကောင်စီ လားရှိုးကို ပြန်လည်ဝင်ရောက်လာပြီး လားရှိုးတက္ကသိုလ်မှာ ယာယီစခန်းချနေတုန်းမှာလည်း စစ်ကောင်စီတပ်ဖွဲ့တချို့ ထွက်ပြေးသွားတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။
လက်ရှိ လားရှိုးကို စစ်ကောင်စီက ပြန်လည်ထိန်းချုပ်ပြီးနောက် ဌာနဆိုင်ရာရုံး တချို့ပဲ လည်ပတ်နိုင်သေးပြီး ကျောင်းတွေကတော့ အားလုံးနီးပါးပြန်ဖွင့်ထားပြီလို့ ဒေသခံတွေက ပြောပါတယ်။
ဒေသခံတယောက်က “လဝကလည်းဖွင့်ထားတယ်။ မွေးတိုးတွေ ဘာတွေ လုပ်နေကြတယ်။ ကျောင်းတွေဖွင့်လို့ ကျောင်းသွား၊ ကျောင်းအပ် လုပ်နေကြပြီ။ ကျောင်းသူ၊ ကျောင်းသားတွေတော့ အရင်ကလောက်တော့ မများသေးဘူး။ တချို့က တိုက်ပွဲပြန်ဖြစ်ရင်ဆိုပြီး ကလေးတွေအတွက် စိုးရိမ်လို့လေ” လို့ ပြောပါတယ်။
ဆက်သွယ်ရေး ဖုန်းလိုင်းတွေကတော့ အဆင်ပြေပြီလို့ ပြောလို့ရပြီး Mytel လိုင်းက ပိုကောင်းသလို Wifi တွေလည်းရပြီလို့ သူက ပြောပါတယ်။
ယာဉ်ထိန်းရုံးကတော့ ကောင်းကောင်းလည်ပတ်အလုပ်လုပ်နိုင်တာတွေ့ရပြီး တချို့ရုံးတွေကတော့ မလည်ပတ်နိုင်သေးဘူးလို့ ဒေသခံတွေက ဆိုပါတယ်။
လျှပ်စစ်မီးကတော့ တမြို့လုံးနီးပါးမရသေးဘဲ လေဆိပ်မှာ လေယာဉ်တွေပြန်ဆင်းတော့မယ်လို့ သတင်းတွေထွက်ခဲ့ပေမယ့် ကြိုရောင်းထားတဲ့လက်မှတ်ဖိုးတွေကို လက်မှတ်ရောင်းဌာနက ငွေပြန်အမ်းလိုက်တယ်လို့လည်း သိရပါတယ်။
MNDAA တပ်ဖွဲ့ တိုက်ခိုက်သိမ်းယူထိန်းချုပ်ထားတဲ့ လားရှိုးမြို့ကို တရုတ်နိုင်ငံရဲ့ ကြားဝင်ညှိနှိုင်းပေးမှုကြောင့် ပြီးခဲ့တဲ့ ဧပြီ ၂၂ ရက်နေ့မှာ စစ်ကောင်စီက ပြန်လည်လွှဲယူပြီး အုပ်ချုပ်နေတာ ဖြစ်ပါတယ်။