Home
မြန်မာသတင်း
မြောက်ဥက္ကလာရဲတပ်ဖွဲ့ဝင်များ လိုင်စင်မဲ့ကား မှောင်ခိုသွင်းနေ
DVB
·
May 31, 2025

ရန်ကုန်၊ မြောက်ဥက္ကလာမြို့နယ်၊ အမှတ် ၉ ရဲစခန်းက ရဲတပ်ဖွဲဝင်တချို့ဟာ လိုင်စင်မဲ့ကား မှောင်ခိုလုပ်ငန်း လုပ်ကိုင်နေတယ်လို့ မြို့ခံတွေက ပြောပါတယ်။

‌လိုင်စင်မဲ့ကား မောင်းပို့ပေးသူတွေကို ဒုရဲအုပ်အဆင့်ရှိ ဗိုလ်စိန်ဆိုသူ ရဲတပ်ဖွဲ့ဝင်က ဦးဆောင်‌ခိုင်းစေနေတာဖြစ်ပြီး တရားမဝင်တင်သွင်းလာတဲ့ လိုင်စင်မဲ့ကားတွေကို ရန်ကုန်အထိ ရောက်အောင် မောင်းပေးခအဖြစ် တစီး ၁၂ သိန်းကျပ်ရရှိတယ်လို့ သိရပါတယ်။

ရဲတပ်ဖွဲ့နဲ့ နီးစပ်သူတယောက်က “ဗိုလ်စိန်က အာဏာသိမ်းကတည်းက လုပ်စားနေတာကြာပြီ။ သူ့နာမည်အရင်းတော့ မဟုတ်ဘူး။ ညာဘက်လက်မှာ စိန်လက်စွပ် ဝတ်ထားလို့ ဗိုလ်စိန်လို့ ခေါ်တာ။ အဲစခန်းက နောက်ထပ် ၂ ယောက်လောက် ပါသေးတယ်။ မောင်းပေးတဲ့သူကို ကရင်ပြည်နယ်ကနေ ဒီအထိ အယ်လ်ဖတ်တစီးကို ၁၂ သိန်းပေးတယ်။ ဒီကောင်က ရဲအချင်းချင်းတောင် ညှာတဲ့ကောင် မဟုတ်ဘူး။ ပြည်သူတွေပေါ်လည်း တော်တော်မိုက်ရိုင်းတယ်။ ခြေထောက်တွေ ဘာတွေနဲ့ ဆောင့်ကန်တာလည်း ဒီကောင်ပဲ။ Gen Z လေးတွေ အဖမ်းခံရတုန်းက အမှုကိုင်တာလည်း ဒီကောင်ပဲ” လို့ ပြောပါတယ်။

လိုင်စင်မဲ့ကားသွင်းသူတွေရဲ့ပြောပြချက်အရ ဝယ်ယူထားတဲ့ ကားတွေကို လူနာတင်ယာဉ်အမှတ်အတု Ambulance စတစ်ကာ ကပ်ကြသလို သာသနာ့ယာဉ် ပုံစံတူ လုပ်ပြီး စစ်ကောင်စီစစ်ဆေးရေးဂိတ်တွေ ဖြတ်ကျော်မောင်းနှင်တာလို့ သိရပါတယ်။

မြို့ခံတယောက်က “တပွင့်နဲ့ သူကတောင် အဲလောက်လုပ်နေရင် အပေါ်က ရဲအုပ်တို့၊ ရဲမှူးတို့ မသိစရာအကြောင်းကို မရှိဘူး။ နာမည်ထွက်တာတော့ ဗိုလ်စိန်ပဲ။ နှစ်လုံး၊ သုံးလုံး လိုင်းကြေးကောက်တာလည်း သူပဲ ဦးဆောင်တာ။ without ကားကတော့ ၁၀၀၊ ၁၂၀ လောက်ရှိရင်တောင် စီးလို့ရနေပြီ” လို့ ပြောပါတယ်။

ပြီးခဲ့တဲ့ မေ ၂၀ ရက်နေ့က နေပြည်တော်မှာလုပ်တဲ့ စစ်ကောင်စီအစည်းအဝေးတခုမှာတော့ လိုင်စင်မဲ့ကားနဲ့ ဆိုင်ကယ်တွေက ဝင်ငွေခွန်ထိခိုက်နေတာကြောင့် အရေးယူဖို့လိုအပ်တယ်လို့ စစ်ကောင်စီခေါင်းဆောင် ပြောကြားခဲ့ဖူးပေမဲ့ စစ်ကောင်စီအဖွဲ့ဝင်တွေ ကိုယ်တိုင် ပါဝင်ကျူးလွန်နေတာ ဖြစ်ပါတယ်။

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024