DVB Logo
Home
မြန်မာသတင်း
ရန်ကုန်တွင် ပိုင်ရှင်မဲ့ကားကို စစ်ဆေးရာက အွန်လိုင်းငွေလိမ်ဂိုဏ်း ဖမ်းမိ
DVB
·
June 19, 2026
Photo: MOI
Photo: MOI
Donate to DVB

ရန်ကုန်တိုင်း၊ ဗဟန်းမြို့နယ်၊ ရွှေတောင်ကြား ၂ ရပ်ကွက်၊ ရွှေတောင်ကြားလမ်းမှာ ဖွင့်လှစ်ထားတဲ့ Loi Sam Sip ရှမ်းစားသောက်ဆိုင်ရှေ့မှာ တွေ့ရတဲ့ လိုင်စင်မဲ့ ကားတစီးကို သက်ဆိုင်ရာက စစ်ဆေးရာကနေ ကမာရွတ်မြို့နယ်က အွန်လိုင်း ငွေလိမ်ဂိုဏ်းတခုကို ဖမ်းဆီးနိုင်ခဲ့တယ်လို့ ရန်ကုန်တိုင်း စစ်အာဏာရှင် ရဲတပ်ဖွဲ့က သတင်းထုတ်ပြန်ထားပါတယ်။

အဲဒီလိုင်စင်မဲ့ကားကို Loi Sam Sip ရှမ်းစားသောက်ဆိုင်ရှေ့မှာ အချိန်ကြာမြင့်စွာ ရပ်ထားတဲ့အတွက် ဆိုင်ရဲ့ လုံခြုံရေးက ရဲတပ်ဖွဲ့ကို အကြောင်းကြားခဲ့တာလို့ ဆိုပါတယ်။

ဆိုင်ရှေ့မှာရပ်ထားတဲ့ MDY/12 4F-1752 Honda Fit (လိုင်စင်မဲ့) မော်တော်ယာဉ်ကို ဇွန် ၁၆ ရက် နေ့လယ် ၃ နာရီမှာ သွားရောက်စစ်ဆေးခဲ့တာဖြစ်ပြီး X Power X စာတမ်းပါ Power Station ၃ လုံး၊ Laptop ၄ လုံး၊ Charger USB ၈ ခု၊ Star Link စက် ၂ လုံး၊ လက်ကိုင်ဖုန်းမျိုးစုံ ၁၇၅ လုံး၊ ကာလာပရင်တာ ၁ လုံးတို့ကို အဲဒီကားနဲ့အတူ ပိုင်ရှင်မဲ့ သိမ်းဆည်းရမိခဲ့တယ်လို့ ရန်ကုန်တိုင်းရဲတပ်ဖွဲ့ရဲ့ ထုတ်ပြန်ချက်မှာ ဆိုပါတယ်။

အဲဒီလို သိမ်းဆည်းရမိခဲ့တဲ့အတွက် စုံစမ်းစစ်ဆေးမှုတွေ ဆက်လက်လုပ်ဆောင်ရာမှာ အဆိုပါ မော်တော်ယာဉ်ဟာ Toyota BZ EV အမျိုးအစား BGO/27 5S-9527 နဲ့အတူ ကမာရွတ်မြို့နယ်၊ ၁၀ ရပ်ကွက်၊ အောင်မင်းခေါင် ၁ လမ်းက နေအိမ်တလုံးထဲ ဝင်ရောက်သွားတာကို CCTV မှတ်တမ်းအရ စစ်ဆေးတွေ့ရှိခဲ့တယ်လို့ သိရပါတယ်။

သက်ဆိုင်ရာ လုံခြုံရေးတပ်ဖွဲ့ဝင်တွေအနေနဲ့ ကမာရွတ်မြို့နယ်၊ ၁၀ ရပ်ကွက်၊ အောင်မင်းခေါင် ၁ လမ်းက နေအိမ်ကို ဇွန် ၁၇ ရက် ညပိုင်းမှာ ဝင်ရောက်ရှာဖွေခဲ့ရာ အမျိုးသား ၈ ယောက်၊ အမျိုးသမီး ၈ ယောက် ပါဝင်တဲ့ အွန်လိုင်းငွေလိမ်ဂိုဏ်းကို ဖမ်းဆီးနိုင်ခဲ့တယ်လို့ ဆိုပါတယ်။

လုံခြုံရေးတပ်ဖွဲ့နဲ့ နီးစပ်တဲ့ သတင်းရင်းမြစ်တယောက်က “ရန်ကုန်မှာက ငွေလိမ်ဂိုဏ်းတွေ ရောက်နေတာ ကြာပြီ။ မင်္ဂလာဒုံဘက်တို့၊ လှိုင်သာယာဘက်တို့မှာ နာမည်ထွက်နေတာ ကြာပြီ။ လှိုင်မှာ တခါဝင်ဖမ်းတုန်းက ညီမတို့တောင် သက်သေအနေနဲ့ခေါ်လို့ လိုက်သွားရသေးတယ်။ ဟိုရောက်တော့ မရှိတော့ဘူး၊ ရှောင်ကုန်ကြပြီ။ တယောက်မှ မမိလိုက်ဘူး” လို့ ပြောပါတယ်။

အဆိုပါ ဖမ်းဆီးမိတဲ့ အွန်လိုင်းလိမ်လည်သူတွေဟာ ပြီးခဲ့တဲ့ ၂၀၂၅ ခုနှစ် စက်တင်ဘာ ၁ ရက်ကနေ ၂၀၂၆ ခုနှစ် ဩဂုတ် ၃၀ ရက်အထိ အလုံမြို့နယ်က ကွန်ဒိုအခန်းတခုမှာ တလ ကျပ် သိန်း ၇၀ နဲ့ ငှားရမ်းနေထိုင်ခဲ့ပြီး တရုတ်နိုင်ငံသားတွေထံ ဆက်သွယ်ပြီး အလှကုန်ပစ္စည်းတွေ၊ လူသုံးကုန်ပစ္စည်းတွေနဲ့ ကျောက်စိမ်းတွေ ရောင်းချမယ်ဆိုပြီး စည်းရုံးကာ လိမ်လည်ခဲ့ကြတာလို့ သိရပါတယ်။

အဲဒီလို ဆက်သွယ် လိမ်လည်နေရာက အလုပ်မဖြစ်တော့တဲ့အတွက် ဆက်စပ်ပစ္စည်းတွေနဲ့ လိုင်စင်မဲ့ မော်တော်ယာဉ်ကို ပိုင်ရှင်မဲ့ဖြစ်စေဖို့ Loi Sam Sip ရှမ်းစားသောက်ဆိုင်ရှေ့မှာ သွားရောက်စွန်ပစ်ခဲ့တာ ဖြစ်တယ်လို့ ထွက်ဆိုကြောင်း ရဲတပ်ဖွဲ့က သတင်းထုတ်ပြန်ထားပါတယ်။

လက်ရှိမှာ အဲဒီ အွန်လိုင်းငွေလိမ်ဂိုဏ်းက ပါဝင်ပတ်သက်သူတွေကို ထိရောက်စွာ အရေးယူနိုင်ရေး ဆက်လက်ဆောင်ရွက်နေတယ်လို့လည်း သိရပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013