
စစ်အာဏာရှင်ရုံးစိုက်ရာ နေပြည်တော်၊ ပုဗ္ဗသီရိမြို့နယ်မှာ လိုင်စင်မဲ့ကား အရောင်းအဝယ် လုပ်တယ်ဆိုပြီး အရပ်သားတယောက်ကို ရဲတပ်ဖွဲ့က ဖမ်းဆီးခဲ့ကြောင်း ရဲတပ်ဖွဲ့နဲ့ နီးစပ်သူတွေ ထံက သိရပါတယ်။
မေ ၄ ရက် ည ၈ နာရီကျော်လောက်က ပုဗ္ဗသီရိမြို့နယ်၊ ဝဏ္ဏဒီပရပ်ကွက်နေ အသက် ၄၀ ကျော် အရွယ် သောင်းဝင်းဦး (ခ) ရှမ်းလေးကို လိုင်စင်မဲ့ကား အမျိုးမျိုး အရောင်းအဝယ် ပြုလုပ်တယ် ဆိုကာ စစ်အာဏာရှင်လက်အောက်ခံ ရဲတပ်ဖွဲ့နဲ့ အုပ်ချုပ်ရေးအဖွဲ့ဝင်တွေက ဖမ်းဆီးခဲ့တာ ဖြစ်ပါတယ်။
ရဲတပ်ဖွဲ့နဲ့ နီးစပ်သူတယောက်က "ရဲတွေနဲ့ အုပ်ချုပ်ရေးအဖွဲ့ဆိုတဲ့ အရပ်ဝတ်နဲ့သူတွေက သောင်းဝင်းဦးကို ညဘက်ဝင်ရောက်ဖမ်းဆီးခဲ့တာ။ လိုင်စင်မဲ့ကား ရောင်းဝယ်မှုနဲ့ ဖမ်းခဲ့တာ။ သတင်းပေးသူရှိလို့ ဖမ်းတာလို့ သိရတယ်"လို့ ပြောပါတယ်။
လိုင်စင်မဲ့ကား အရောင်းအဝယ်ပြုလုပ်မှုနဲ့ ဖမ်းဆီးခံရတဲ့ သောင်းဝင်းဦး (ခ) ရှမ်းလေးနဲ့အတူ TOYOTA ALPHARD အမျိုးအစား လိုင်စင်မဲ့ကားတစီးကိုပါ သိမ်းဆည်းခဲ့ပြီး ပို့ကုန်သွင်းကုန် ဥပဒေ ပုဒ်မ ၈ နဲ့ အမှုဖွင့်အရေးယူထားပါတယ်။










