
ရှမ်းပြည်နယ်တောင်ပိုင်း၊ တောင်ကြီးနဲ့ ကလောမှာ လိုင်စင်မဲ့ကား ရောင်းတဲ့သူ ၃ ယောက်ကို ရဲတပ်ဖွဲ့က အသွင်ယူပြီး ဖမ်းဆီးခဲ့တယ်လို့ ဒေသခံ တွေက ဖေဖော်ဝါရီ ၂ ရက်မှာ ပြောပါတယ်။
လူမှုကွန်ရက်ကနေတဆင့် လိုင်စင်မဲ့ကားရောင်းတာကို ရဲတပ်ဖွဲ့က အသွင်ယူဖမ်းဆီးတာကြောင့် ဇန်နဝါရီ ၂၈ ရက်မှာ တောင်ကြီးက လိုင်စင်မဲ့ကားရောင်းသူ ၂ ယောက်၊ ၂၉ ရက်မှာ ကလောက လိုင်စင်မဲ့ကားရောင်းသူတယောက်တို့ ဖမ်းဆီးခံရတယ်လို့ သိရပါတယ်။
တောင်ကြီးဒေသခံတယောက်က “စီမံကိန်းတဲ့၊ နေအိမ်ထဲထိ ဝင်ဆွဲသွားတာ။ ကားကြည့် တောင်ကြီး ဆိုတော့ အိမ်ခေါ်ပြတာ။ တမင်ကို လုပ်စားလို့မရအောင် လုပ်တာပေါ့။ အရောင်းတွေ ရပ်ထားကြပြီ။ လိုင်စင်မဲ့ကားတွေလည်း ကြည့်ကြက်မောင်းနေရတာပေါ့” လို့ ပြောပါတယ်။
လိုင်စင်မဲ့ကားတွေက နယ်စပ်ကနေတဆင့် မြန်မာပြည်တွင်းကို ရောက်ရှိလာတာဖြစ်လို့ နယ်စပ်မှာ လိုင်စင်မဲ့ကား တင်သွင်းခွင့်ကို လာဘ်ယူခွင့်ပြုခဲ့ပြီးမှ မြို့ထဲမောင်းချိန် ဖမ်းဆီးခံရတာတွေ ရှိနေတာပါ။
ပြီးခဲ့တဲ့အပတ်မှာလည်း တောင်ကြီးမှာ ကား ၁၇ စီးလောက် သစ်တောကားလေးကွင်းနားက မီးပွိုင့်လမ်းဆုံမှာ ဖမ်းဆီးခံရပြီး ဆိုင်ကယ် ၂၄ စီးလည်း ဖမ်းခံရကာ ဆိုင်ကယ်က ပြန်ရွေးလို့ရတာ ရှိပေမဲ့ ကားကတော့ ပြန်ရွေးလို့ မရဘူးလို့ သိရပါတယ်။
တောင်ကြီးမြို့နယ်နဲ့ ခရိုင်တွေထဲက မြို့နယ်တွေမှာ ကားဝယ်ရောင်းလုပ်သူတွေရဲ့ ဖေ့စ်ဘွတ်ခ်၊ Tiktok အကောင့်တွေကို ပြည်နယ်ရဲတွေ ရထားတာရှိလို့ စာရင်းနဲ့တကွ လိုက်ဆွဲနေတယ်လို့ သိရပါတယ်။










