DVB Logo
Home
မြန်မာသတင်း
မင်းကွန်းဒေသတွင် စစ်တပ်က PDF ယူနီဖောင်းဖြင့် စစ်ကြောင်းထိုး၊ ရွာများကို မီးရှို့နေ
DVB
·
May 31, 2025
မင်းကွန်းဒေသတွင် စစ်တပ်က PDF ယူနီဖောင်းဖြင့် စစ်ကြောင်းထိုး၊ ရွာများကို မီးရှို့နေ
Donate to DVB

စစ်ကိုင်းတိုင်း၊ စစ်ကိုင်းမြို့နယ်အနောက်ခြမ်းကကျေးရွာတွေကို စစ်ကောင်စီတပ်က မေ ၃၀ ရက်ကစလို့ စစ်ကြောင်းထိုးနေပြီး မင်းကွန်းဒေသမှာလည်း စစ်ကောင်စီတပ်က PDF ယူနီဖောင်းတွေဝတ်ဆင်စစ်ကြောင်းထိုးလာတယ်လို့ တော်လှန်ရေးတပ်ဖွဲ့တွေဆီကနေ သိရပါတယ်။

စစ်ကိုင်းမြို့နယ်အနောက်ခြမ်းကို စစ်ကြောင်းထိုးနေတာကြောင့် ညောင်ကုန်းရွာ၊ သလွန်ဖြူရွာ၊ ကြွယ်လူးရွာ၊ ဒေါင်းမရွာ၊ ဆင်မြေရွာ၊ မအူပင်ရွာ၊ သာဒွန်းရွာ၊ ကုန်းတန်းလေးရွာက ဒေသခံပြည်သူတွေ ထွက်ပြေးနေရကြရတယ်လို့ သိရပါတယ်။

ဒေသခံတယောက်က “စစ်ကြောင်းက ၃ ကြောင်းနဲ့ ကျနော်တို့ရွာတွေဘက်ကို ထိုးနေတာဗျ။ ပထမစစ်ကြောင်းက စစ်ကိုင်းမြို့ အနောက်ဘက် ငါးထပ်ကြီးဘုရားအထိုင်စခန်းကနေ သပြူးရွာဘက်ကို တကြောင်း၊ စစ်ကိုင်းအုတ်စက်က‌နေ ဒေသအခေါ် ပန်းပိတောက်ဘက်ကို တကြောင်း၊ ကျည်းပင်ဘက်ကိုတကြောင်း၊ စုစုပေါင်း ၃ ကြောင်းဖြန့်စစ်ကြောင်းထိုးနေတာဗျ။ အခုညနေအထိ စစ်ကြောင်းက ဆင်မြေအထိရောက်နေပြီဗျ။ ပိတ်မိနေတဲ့ ဒေသခံတွေလည်း များတယ်။ သပြူရွာနဲ့ဒေါင်းမရွာတွေကတော့ တရွာလုံး စစ်တပ်က ပစောက်ပုံစံနဲ့ ပိတ်ဖမ်းထားခံရတယ်” လို့ ပြောပါတယ်။

စစ်တပ်က အခုလို စစ်ကြောင်းထိုးနေတာဟာ မေ ၂၉ ရက် မနက်ပိုင်းက ကံတလူရွာနဲ့ အုန်းတောရွာကြားမှာ  စစ်သား ၆ ယောက်ကို ပြည်သူ့ကာကွယ်ရေးတပ်ကပစ်ခတ်ပြီး သေနတ် ၆ လက်ပါ ယူဆောင်သွားတာကြောင့်ဖြစ်နိုင်တယ်လို့ ဒေသခံတွေကပြောပါတယ်။

တော်လှန်ရေးတပ်ဖွဲ့နဲ့ နီးစပ်သူတယောက်က “သူတို့ရတဲ့သတင်းက သတင်းအမှားပဲ ဖြစ်လိမ့်မယ်။ လုပ်သွားတဲ့အဖွဲ့က နေ့ချင်းပြီး သူတို့ဌာနေကို ရောက်သွားကြပြီလေ။ စစ်တပ်က သူခိုး ပြေးမှ ထိုးကွင်းထနေတာပါ” လို့ ပြောပါတယ်။

စစ်ကောင်စီတပ်ဟာ မေ ၂၉ ရက်နေ့က ကံတလူရွာအနီး ကုန်းရွာက နေအိမ် ၂ လုံးကိုမီးရှို့ပြီး မေ ၃၀ ရက်မှာလည်း ကုန်းရွာကို မီးထပ်ရှို့သေးတယ်လို့သိရပေမယ့် မီးလောင်ပျက်စီးသွားတဲ့ အိမ်အရေအတွက်ကိုတော့ မသိရသေးပါဘူး။

မင်းကွန်းဒေသမှာလည်း စစ်ကောင်စီက PDF ဝတ်စုံတွေနဲ့ စစ်ကြောင်းထိုးလာလို့  နှစ်ဖက်တိုက်ပွဲဖြစ်ပွားခဲ့ကြပြီး စစ်တပ်က လူနေအိမ်တွေကို မီးရှို့ဖျက်ဆီးသွားခဲ့ကြသေးတယ်လို့ တော်လှန်ရေးတပ်တွေက ပြောပါတယ်။

People Servant Force ရဲ့ ပြန်ကြားရေးတာဝန်ခံက “သူတို့ဘက်က အင်အား ၂၀၀ လောက်နဲ့ မင်းကွန်း၊ ရှာရောင်းနဲ့ ကင်းရွာတွေဘက်ကိုစစ်ကြောင်းထိုးလာကြတာ။ အဲဒီစစ်ကြောင်းထဲမှာ PDF ယူနီဖောင်းဝတ်ထားတဲ့ကောင်တွေလည်းပါတယ်။ ကျနော်တို့ရဲ့ PDF ယူနီဖောင်းတွေဝတ်ပြီး ပြည်သူပိုင်ပစ္စည်းတွေကိုဖျက်ဆီးပြီးတော့ ပုံမှားရိုက်ချင်တာနေမယ်ဗျ” လို့ ပြောပါတယ်။

အဲဒီစစ်ကြောင်းနဲ့ မေ ၂၈ ရက်နေ့မှာ မနက် ၆ နာရီဝန်းကျင်ကစလို့ တနေကုန်နီးပါး တိုက်ပွဲတွေပြင်းထန်ခဲ့သေးတယ်လို့လည်း ဆိုပါတယ်။

စစ်ကိုင်းမြို့နယ်အခြေစိုက် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်တယောက်က “မနက်စောကတည်းက မင်းကွန်းရွာဘက်ကို ဝင်လာတဲ့စစ်ကြောင်းနဲ့ အနီးကပ်တိုက်ပွဲ တော်တော်လေး ပြင်းပြင်းထန်ထန်ဖြစ်ခဲ့ကြတယ်။ သူတို့ဘက်က ခွေးတွေက ကျနော်တို့ PDF ယူနီဖောင်းဝတ်ထားတော့ သူ့လူကိုယ့်လူမခွဲခြားနိုင်ဘူး။ အနားရောက်လာမှသိတာဆိုတော့ ကြိုတင်ပြင်ချိန် မရလိုက်တာရယ်၊ တိုက်ပွဲဖြစ်နေတုန်း နေ့လယ်ပိုင်းမှာ ကျည်က ကုန်သွားတာရယ်ကြောင့် ဆုတ်ပေးလိုက်ရတယ်။ အဲဒီမှာ သူတို့ဘက်က မင်းကွန်း၊ ရှာရောင်းနဲ့ ကင်းရွာတွေကို ဝင်စီးပြီးမီးရှို့လို့ အိမ် ၂၀ ကျော်လောက်မီးလောင်ကုန်တယ်။ မီးရှို့ခံရတဲ့ရွာတွေက ပြည်သူ ၃၀၀၀ လောက်ကတော့ ထွက်ပြေးကြရတာပေါ့။ ကျနော်တို့လည်း ခဲယမ်းတွေဖြည့်ပြီး ထပ်တိုက်တာ သူတို့ဘက်က အသေအပျောက်တွေများတယ်။ စစ်အသုံးအဆောင်ပစ္စည်းတချို့ ပျက်စီး ဆုံးရှုံးခဲ့တာကလွဲလို့ ကျနော်တို့ရှေ့တန်းစခန်းတွေ ပြန်ရခဲ့ပါတဉ်” လို့ DVB ကို ပြောပါတယ်။

တိုက်ပွဲအတွင်းသေဆုံးခဲ့တဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေရဲ့ရုပ်အလောင်းတွေကို ကျေးရွာတွေနားမှာ မြှုပ်နှံသွားကြပြီး ပြန်လည်ဆုတ်ခွာသွားကြတယ်လို့လည်း သူက ဆက်ပြောပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013