DVB Logo
Home
မြန်မာသတင်း
စစ်ကိုင်းငလျင်ကြီး ၂ လကျော်ကြာအထိ ပြန်လည်ထူထောင်ရေးအတွက် ရုန်းကန်နေရဆဲ
DVB
·
May 31, 2025
စစ်ကိုင်းငလျင်ကြီး ၂ လကျော်ကြာအထိ ပြန်လည်ထူထောင်ရေးအတွက် ရုန်းကန်နေရဆဲ
Donate to DVB

စစ်ကိုင်းငလျင်ကြီး လှုပ်ခတ်ခဲ့တာ ၂ လ ကြာမြင့်ခဲ့ချိန်မှာ ဘေးဒဏ်သင့် ပြည်သူတွေအနေနဲ့ ငလျင်ဘေးဒဏ်ကနေ ပြန်လည် နိုးထလာနိုင်ခဲ့ကြပေမဲ့ ပြန်လည်ထူထောင်ရေး ကိစ္စအတွက်တော့ ရုန်းကန်နေရဆဲ  ဖြစ်ပါတယ်။  

မတ် ၂၈ ရက်နေ့က အင်အားပြင်း စစ်ကိုင်းငလျင်ကြီး လှုပ်ခတ်ခဲ့တာ ၂ လ ကျော် ကြာမြင့်ခဲ့ပြီဖြစ်ပေဲ့ လက်ရှိအချိန်ထိ ငလျင်ဘေးဒဏ်သင့် ဒေသတွေမှာ ပြန်လည်ထူထောင်ရေးအတွက် ရုန်းကန်နေရဆဲ ဖြစ်တယ်လို့ မန္တလေးမြို့ခံတယောက်က ပြောပါတယ်။

“၂ လပြည့်ထိ ဆိုရင်တော့ အမှန်တိုင်း ပြောရရင်တော့ ပြန်လည်ထူထောင်ရေးကို စလုံးရေ မစနိုင်သေးဘူးပေါ့။ ပြန်လည်ထူထောင်ရေးဆိုတာ အဝေးကြီးပေါ့။ ဒါရှိနေတဲ့ နေရာတွေမှာတောင်မှ ကျနော်တို့ လုံလောက်အောင် ပြန်လည် လုပ်ဆောင်ပေးနိုင်တာမျိုးတွေ၊ အစိုးရရဲ့ အခန်းကဏ္ဍက ဘာမှကို ရှိမနေတော့ အလှူရှင်တွေနဲ့ပဲ သွားနေရတဲ့ ပုံစံမျိုး အလှူရှင်တွေကလည်း ရေရှည်ဆိုတော့ သိတယ်မလား၊ မလှူနိုင်တာတွေ ဖြစ်လာတာတွေ ရှိတယ်ပေါ့နော်။ အလှူရှင်ဆိုတာကလည်း အရေးပေါ် လောက်ပဲ ကူနိုင်တာမျိုးပေါ့။”

မန္တလေးမြို့မှာ ငလျင်ဒဏ်ကြောင့် ထိခိုက်ပျက်စီးခဲ့ရတဲ့ အဆောက်အအုံတွေကို ပြန်လည် တည်ဆောက်နိုင်ဖို့ ဖြိုဖျက်ခွင့်နဲ့ ပြန်လည်တည်ဆောက်ခွင့်တွေကို စည်ပင်ကို လျှောက်ထားရာမှာလည်း ခွင့်ပြုမိန့်ကျဖို့ အကြာကြီး စောင့်နေကြရတဲ့အတွက် ဒေသခံတချို့ဟာ လက်ရှိအချိန်ထိ ငလျင်ဘေး ယာယီစခန်းတွေမှာ နေထိုင်နေရဆဲ ဖြစ်ပါတယ်။

လက်ရှိအချိန်မှာ မန္တလေးမှာရှိတဲ့ ကျောင်းဝင်းတွေထဲက ငလျင်ဘေး ယာယီစခန်းတွေကို မေလကုန်အပြီး ဖယ်ရှားခိုင်းတာတွေလည်း ရှိနေပြီး ယာယီစခန်းတွေမှာ နေထိုင်သူတွေအနေနဲ့ ပြောင်းရွှေ့ဖို့ အခက်အခဲတွေ ရှိနေကြပါတယ်။

မန္တလေးမှာ ငလျင်လှုပ်ခတ်ပြီးနောက် အိမ်ခြံမြေဈေးတွေလည်း တက်သွားခဲ့တာကြောင့် ငှားရမ်းနေထိုင်နိုင်ဖို့ကလည်း အခက်အခဲတွေ့နေ ပါတယ်။

ငလျင်ဒဏ်သင့်တဲ့ အင်းလေးဒေသမှာဆိုရင်လည်း လက်ရှိ ၂ လ အကြာမှာ အလှူရှင်တွေ နည်းပါးသွားပြီး မိုးရာသီကြောင့် ယာယီတဲနဲ့ နေထိုင်ရသူတွေ အဆင်ပြေဘူးလို့ ဒေသခံတယောက်က ဆိုပါတယ်။

“အင်းလေးမှာ ငလျင် ၂ လ ပြည့်ထိပေါ့နော် ပြန်လည်တည်ဆောက်မှု အခြေအနေကို ပြောရရင်တော့ ၅၀ ရာခိုင်နှုန်းလောက်ပဲ ရှိပါဦးမယ်။ အပြည့်အဝတော့ မလုံလောက်သေးပါဘူး။ အကူအညီတွေ အခြေအနေကလည်း အလှူရှင်တွေ နည်းသွားပါတယ်။ ခုလက်ရှိမှာ မိုးရာသီဖြစ်နေတဲ့အတွက် ယာယီတဲတွေနဲ့ နေနေရတဲ့သူတွေအတွက် အဆင်မပြေပါဘူး။”

ငလျင်ဒဏ်ကို အလူးအလဲခံခဲ့ရတဲ့ စစ်ကိုင်းဒေသကတော့ ရှောင်တခင်ကြုံတွေ့ခဲ့ရတဲ့ သဘာဝဘေးဒဏ်အပြင် စစ်ကောင်စီရဲ့ လေကြောင်းတိုက်ခိုက်မှု လက်နက်ကြီးပစ်ခတ်မှုစတဲ့ လူလုပ်ဘေးကိုပါ ကြုံတွေ့ခဲ့ရတာလည်း ဖြစ်ပါတယ်။

ငလျင်ဖြစ်ပွားခဲ့တာ ၂ လပြည့်ပြီးနောက်မှာတော့ အရေးပေါ်ကူညီရေး ကိစ္စတွေက ပြီးစီးသွားခဲ့ပေမဲ့ ပြန်လည်ထူထောင်ရေး လုပ်ငန်းတွေ လုပ်ဆောင်နေရတဲ့ စစ်ကိုင်းကတော့ ငလျင်ပြန်လည်ထူထောင်ရေးအပြင် ဗုံးခိုကျင်း အရံအတားတွေကို ကူညီ လုပ်ဆောင်ပေးနေရတဲ့ အနေအထားလည်း ဖြစ်ပါတယ်။

စစ်ကိုင်းတိုင်းဒေသကြီး သပိတ်အင်အားစုမှ ကိုရွှေဝင်းအောင်က “အခု ဒီကာလမှာတော့ ပြန်လည်ထူထောင်ရေး လုပ်ငန်းတွေ လုပ်ဆောင်နေရတဲ့ အချိန်ကာလဖြစ်ပါတယ်။ အိုးအိမ် နေရာ ပျက်စီးမှုတွေအတွက် နေရာရှာပေးတဲ့ ကိစ္စတွေ၊ ယာယီနေရာ စီစဉ်ပေးတဲ့ ကိစ္စတွေ၊ ရေရှည် ရပ်တည်နိုင်ရေးအတွက် ရေတွင်း ရေကန် တူးဖော်ပေးရတဲ့ ကိစ္စတွေ၊ ရေတွင်း ရေကန် တူးဖော်ပေးရတဲ့ ကိစ္စဆိုတာကတော့ ဒီငလျင်ကြောင့်မို့လို့ ရေကြောမြေပြောင်းသွားတဲ့အတွက် တချို့ရေတွင်းဟောင်းတွေက ရေမထွက်တော့တာမျိုးတွေ ရှိတယ်။ နေရာသစ်ရှာတဲ့အခါမှာ အဲ့ဒီနေရာတွေမှာ ရေတွင်းရေကန်တွေ တူးဖော်ဖို့ လိုအပ်တယ်၊ အဲ့ဒီကိစ္စတွေကို လုပ်ဆောင်ပေးဖို့ လိုအပ်နေဆဲ ဖြစ်ပါတယ်။ ဒီတော်လှန်ရေး နယ်မြေတွေမှာဆိုရင် ငလျင်ဘေးဒဏ်သင့် ပြည်သူတွေက နေရာအသစ်ကို ရှာပြီးတော့မှ နေထိုင်ရတဲ့ အခြေအနေတွေ ဖြစ်လာတာလည်း ရှိတယ်။ အဲ့ဒီအခါမှာ သူတို့ရဲ့ အသက်အန္တရာယ် လုံခြုံနိုင်ရေးအတွက်ပေါ့နော် စီစဉ်ပေးနိုင်ဖို့ ဥပမာ ဗုံးခိုကျင်း အရံအတားတွေ လုပ်ပေးနိုင်ဖို့ကိုလည်း လိုအပ်ပါတယ်ခင်ဗျာ။”

DVB Data Team ရဲ့ ကောက်ယူစုဆောင်းထားတဲ့ အချက်အလက်တွေအရ ၂ လပြည့်ဖြစ်တဲ့ မေလ ၂၈ ရက်အထိ စစ်ကိုင်းငလျင်ကြီးကြောင့် ထိခိုက်သေဆုံးခဲ့သူ ၄,၄၉၂ ယောက်ရှိပြီး ထိခိုက်ဒဏ်ရာရရှိခဲ့သူကတော့ ၁၁,၃၆၆ ယောက် ရှိပါတယ်။

စစ်ကောင်စီက စစ်ကိုင်းငလျင် ပြန်လည်ထူထောင်ရေးအတွက်ဆိုပြီး မေလ ၃၁ ရက်အထိ ယာယီအပစ်ရပ်ကြေညာထားသလို လေကြောင်းတိုက်ခိုက်မှု၊ လက်နက်ကြီး တိုက်ခိုက်မှု အကြိမ်ရေပေါင်း ၆၅၀ ပြုလုပ်ခဲ့ပြီး အပြစ်မဲ့ ပြည်သူနဲ့ တော်လှန်ရေး တပ်ဖွဲ့ဝင် ၅၄၂ ယောက်ထက်မနည်း သေဆုံးခဲ့ရကာ ၁,၁၃၇ ယောက် ထိခိုက်ဒဏ်ရာရရှိခဲ့ပါတယ်။

မြတ်သဇင်

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013