Home
မြန်မာသတင်း
ဘုရင့်နောင်စခန်းကုန်းကို KNLA ပူးပေါင်းတပ်များသိမ်းပိုက်၊ ဒေသခံ ၅၀၀ ကျော် ထိုင်းဘက် တိမ်းရှောင်
DVB
·
May 30, 2025

ထိုင်း-မြန်မာနယ်စပ်၊ ကရင်ပြည်နယ်၊ မြဝတီမြို့နယ်၊ ဝေါလေမြိုင်အရှေ့ဘက်ရှိ စစ်ကောင်စီ တပ်စွဲထားတဲ့ ဘုရင့်နောင်စခန်းကုန်းကို မေ ၂၉ ရက်မှာ ကရင်လွတ်မြောက်ရေးတပ်မတော်  (KNLA) နဲ့ PDF ပူးပေါင်းတပ်တွေက တိုက်ခိုက် သိမ်းပိုက်လိုက်ပါတယ်။

စစ်ကောင်စီရဲ့ ဝေါလေဗျူဟာနဲ့ အနီးဆုံးမှာရှိတဲ့ ဘုရင့်နောင်စခန်းကုန်းကို မနေ့ ညနေ ၆ နာရီလောက်က KNLA ဦးဆောင်တဲ့ တပ်ပေါင်းစုတွေက ဒရုန်းဗုံးတွေနဲ့ စတင်ကြဲခဲ့ပြီး အချိန်တိုအတွင်း တိုက်ခိုက်သိမ်းပိုက်ခဲ့တာလို့ KNLA တပ်မှူးတယောက်က ပြောပါတယ်။

KNLA တပ်မှူးက “၂၉ ရက်နေ့ ညနေ ၆ နာရီလောက်က သိမ်းပိုက်နိုင်တာ။ စကစ ၂၇ ယောက် စခန်းထိုင်တယ်။ အကုန်လုံး ထိုင်းဘက်ကို ဆုတ်ခွာသွားတယ်” လို့ ပြောပါတယ်။

ဘုရင့်နောင်ကုန်းစစ်စခန်းဟာ ဝေါလေဗျူဟာနဲ့ အနီးဆုံးမှာရှိတဲ့အပြင် အမြင့်မားဆုံးတောင်ကုန်းမှာ စခန်းတည်ဆောက်ထားတာဖြစ်လို့ ခက်ခက်ခဲခဲ တိုက်ခိုက်သိမ်းပိုက်ခဲ့ရတာလို့ ဆိုပါတယ်။

စခန်းသိမ်းတိုက်ပွဲအတွင်း စစ်ကောင်စီဘက်က တိုက်လေယာဉ်တွေ အပါအဝင် လက်နက်ကြီးတွေ ပစ်ခတ်တာကြောင့် ဒေသခံ ၅၃၀ ကျော် ထိုင်းဘက်ကို ထွက်ပြေးတိမ်းရှောင်ခဲ့ရတယ်လို့ သိရပါတယ်။

မြဝတီဘက်က စစ်ကောင်စီတပ်စခန်းတွေကို KNLA ပူးပေါင်းတပ်တွေက တိုက်ခိုက်နေတာကြောင့် တိုက်ပွဲတွေ နေ့စဉ်လိုဖြစ်နေပြီး ထိုင်းဘက်ခြမ်းမှာလည်း ထိုင်းစစ်တပ်က လုံခြုံရေး တင်းကျပ်ထားပါတယ်။

တိမ်းရှောင်လာတဲ့ ယာယီစစ်ရှောင်တွေကိုတော့ လူသားချင်းစာနာတဲ့အနေနဲ့ ကျန်းမာရေး၊ စားသောက်ရေးနဲ့ တခြားလိုအပ်ချက်တွေကို ထိုင်းစစ်တပ်နဲ့‌ ဌာနဆိုင်ရာတွေက ကူညီပံ့ပိုးဆောင်ရွက်နေတယ်လို့ သိရပါတယ်။

ထိုင်း-မြန်မာနယ်စပ်က စစ်ကောင်စီတပ်စခန်းတွေကို KNLA ဦးဆောင်တဲ့ တပ်ပေါင်းစုတွေက ထိုးစစ်ဆင် တိုက်ခိုက်နေတာကြောင့် ဆုံဆည်းမြိုင်၊ ဥကရစ်ထ၊ တောင်နီ၊ သေ့ဘောဘိုး၊ ဝါးမီးထကျေးရွာက ဒေသခံ ၂,၀၀၀ လောက်ဟာ ထိုင်းနယ်စပ်၊ သောင်ရင်းမြစ်ကမ်းတလျှောက်နဲ့ ဘေးလွတ်ရာ ထွက်ပြေးတိမ်းရှောင်နေရပါတယ်။

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024