
ရှမ်းပြည်နယ်တောင်ပိုင်း၊ ပင်လောင်းမြို့နယ်၊ ဆောင်းပြောင်းကျေးရွာကနေ တိုက်ပွဲကြောင့် စစ်ရှောင်နေကြသူတွေကို စစ်တပ်က ကင်းစောင့်ခိုင်းဖို့ ခေါ်နေတယ်လို့ စစ်ဘေးရှောင်တွေက ပြောပါတယ်။
မေ ၁၇ ရက်မှာ ဆောင်းပြောင်းကျေးရွာအနီး တော်လှန်ရေးအင်အားစုက ထိုးစစ်ဆင်ပြီး စစ်ကောင်စီတပ်၊ PNO ပြည်သူ့စစ်တွေနဲ့ တိုက်ပွဲ ၁၀ ရက်ကျော်ကြာ ဖြစ်ပွားခဲ့ပါတယ်။
စစ်ရှောင်အမျိုးသမီးတယောက်က “တချို့ယောကျ်ားလေးတွေတော့ ပြန်ဝင်ခွင့်ပေးပြီး ရွာပြန်စောင့်ရတယ်။ တအိမ်တယောက်ဆိုပေမဲ့ ကိုယ့်အိမ်မှာကိုယ် မနေကြရဘူး။ ကင်းပဲ ပြန်စောင့်ခိုင်းတာ။ စစ်ကောင်စီနဲ့ PNO အဖွဲ့ဝင်တွေက ရွာထဲမှာ စခန်းချထားတုန်း၊ ရွာသားတွေ ပေးမပြန်သေးဘူး” လို့ ပြောပါတယ်။
တိုက်ပွဲတွေအတွင်း စစ်ကောင်စီတပ်နဲ့ PNO ပြည်သူ့စစ်ဘက်က သေဆုံးတာတွေများပြီး လက်နက်ခဲယမ်းတွေနဲ့ စစ်သုံ့ပန်းတွေလည်း ဖမ်းဆီးရမိခဲ့တယ်လို့ တော်လှန်ရေး အင်အားစုတွေဆီက သိရပါတယ်။
ကျေးရွာအတွင်းက နေအိမ်အများအပြားလည်း လက်နက်ကြီး၊ လေကြောင်းဒဏ်အပြင် နေအိမ်မီးရှို့ခံရတာတွေကြောင့် ထိခိုက်ပျက်စီးမှုတွေ များတယ်လို့ သိရပါတယ်။
“အိမ်တွေ မီးလောင်တာတော့ အများကြီးပဲရှင့်။ ဘယ်အဖွဲ့က ရှို့တာလဲ ဆိုတာတော့ အတိအကျ မသိရပါ။”
တိုက်ပွဲအတွင်း စစ်ကောင်စီတပ်နဲ့ PNO ပြည်သူ့စစ်က အထိနာတာကြောင့် လက်နက်ကြီးနဲ့ ဆက်တိုက်ပစ်ခတ်တာတွေရှိပြီး နေအိမ်မီးရှို့တာတွေလည်း ပြုလုပ်နေတယ်လို့ မြေပြင်ရဲဘော်တွေက ပြောပါတယ်။
စစ်ရှောင်နေရတဲ့ ပြည်သူ ထောင်ချီရှိနေပြီး စားနပ်ရိက္ခာ လိုအပ်ချက်တွေလည်း ရှိနေတယ်လို့ စစ်ဘေးရှောင်ပြည်သူတွေက ပြောပါတယ်။