Home
မြန်မာသတင်း
NUG ကျောင်းများ ယာယီပိတ်ထားသော်လည်း သင်ကြားရေးအဆက်မပြတ်ရန် လုပ်ဆောင်နေ
DVB
·
May 30, 2025

စစ်ကောင်စီရဲ့ ဗုံးကြဲတိုက်ခိုက်မှုတွေကြောင့် အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ပညာရေးဝန်ကြီးဌာန ကြားကာလ ပညာသင်ကျောင်းတွေ ယာယီပိတ်ထားဖို့ ကြေညာထားပေမဲ့ မြေပြင်မှာ သင်ကြားရေး အဆက်မပြတ်စေဖို့အတွက် လုပ်ဆောင်နေတယ်လို့ NUG ပညာရေးဌာန ပြည်ထောင်စု ဒုဝန်ကြီးက DVB ကို ပြောပါတယ်။

စစ်ကောင်စီတပ်က စာသင်ကျောင်းတွေ၊ ဆေးရုံတွေ စတဲ့ လူစုလူဝေးရှိရာ နေရာတွေကို လေကြောင်းကနေ နည်းလမ်းမျိုးစုံနဲ့ ဗုံးကြဲတာ၊ စက်သေနတ်တွေနဲ့ ရည်ရွယ်ချက်ရှိရှိ ပစ်ခတ်တိုက်ခိုက်တာ၊ တာဝေးပစ်လက်နက်ကြီးတွေနဲ့ ပစ်ခတ်တိုက်ခိုက်ပြီး စစ်ရာဇ၀တ်မှု ကျူးလွန်နေတဲ့အတွက် မတ် ၂၅ ရက်ကစလို့ ကြားကာလ ပညာသင်ကျောင်းတွေကို ယာယီရပ်နားဖို့ အမျိုးသားညီညွတ်ရေးအစိုးရ ပညာရေးဝန်ကြီးဌာနက ကြေညာထားပါတယ်။

စစ်ကောင်စီတပ်ရဲ့ တိုက်ခိုက်မှုတွေကြောင့် ကျောင်းတွေပြန်ဖွင့်မယ့် ကာလကို အသေးစိတ် မပြောနိုင်သေးပေမဲ့ ကြားကာလကျောင်းတွေ ပိတ်ထားတဲ့အချိန်မှာ အွန်လိုင်းကတဆင့် သင်ကြားတာနဲ့ နေအိမ်အခြေပြုသင်ကြားရေး လုပ်ငန်းတွေ ပြုလုပ်သွားမယ်လို့ NUG ပညာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာ စိုင်းခိုင်မျိုးထွန်းက DVB ကို ပြောပါတယ်။

“မြေပြင်အခြေအနေတွေအရ ကျနော်တို့ စောင့်ကြည့်ရမှာပါ။ ဘာဖြစ်လို့လဲဆိုတော့ ကလေးတွေရဲ့ လုံခြုံရေးက အဓိကပါ။ အခုချိန်မှာ စစ်ကောင်စီကလည်းပဲ လေယာဉ်ဗုံးကြဲတာတွေက တောက်လျှောက် သူလုပ်နေတာပါ။ ရွေးကောက်ပွဲလုပ်တဲ့ အချိန်ကျရင် သူ့မှာ နယ်မြေစိုးမိုးမှုတွေ ရှိတယ်၊ ထိန်းချုပ်မှုတွေရှိတယ်ဆိုတဲ့ ပုံရိပ်ရအောင် သူ အသည်းအသန် ပြန်လုပ်နေတဲ့ အနေအထား ရှိပါတယ်။ ဒါကြောင့် ဘယ်လောက်ပိတ်မယ် ဆိုတာတော့ ကျနော်တို့ သေချာတော့ ပြောလို့မရသေးဘူးပေါ့နော်။ ဒါပေမဲ့ အတတ်နိုင်ဆုံး အမြန်ပြန်ဖွင့်နိုင်အောင်တော့ ကျနော်တို့ ကြိုးစားသွားကြပါမယ်။”

စစ်ကောင်စီတပ်ရဲ့ လေယာဉ်ဗုံးကြဲတာနဲ့ ပါရာမော်တာနဲ့ လေကြောင်းတိုက်ခိုက်မှု အများဆုံးခံနေရတဲ့ စစ်ကိုင်းတိုင်းထဲမှာတော့ ကြားကာလစာသင်ကျောင်းတွေ ယာယီပိတ်ထားရပါတယ်။

ကျောင်းပေါင်း ၆၀ ကျော် ဖွင့်လှစ်ထားတဲ့ စစ်ကိုင်းတိုင်း၊ ချောင်းဦးမြို့နယ်မှာတော့ အင်တာနက်လိုင်း မရရှိတဲ့အတွက် အွန်လိုင်းသင်ကြားရေးလည်း မပြုလုပ်နိုင်ဘူးလို့ ဆိုပါတယ်။

ချောင်းဦးမြို့နယ် ကျောင်းဆရာတယောက်က “Offline သင်ဖို့ကကျတော့ ကျနော့်ဘက်မှာတော့ မကြားမိဘူး။ ဘာလို့ဆို အဲ့လိုသင်ဖို့ကကျတော့ နည်းပညာအကူအညီတွေ လိုမယ်။ နောက်ပြီး အင်တာနက် အဆက်အသွယ်တွေလည်း လိုမယ်။ ကျနော်တို့အနေနဲ့ကတော့ လောလောဆယ် လုပ်ဖို့မရှိသေးပါဘူး။ အွန်လိုင်းသင်ကြားရေးက နည်းတယ်ဆိုတာထက် မရှိသလောက်ကို ရှားပါတယ်။ အွန်လိုင်းကနေ သင်မယ်ဆိုတာက ချောင်းဦးမြို့နယ်မှာက အင်တာနက် အခက်အခဲက ဖြစ်နေတာ တော်တော်ကြာပြီ။ အခုနောက်ပိုင်းမှသာ စတားလင့်ခ် တရွာနှစ်ရွာလောက် အဲလိုပဲရှိတာ ဖြစ်တဲ့အတွက် ဒီစတားလင့်ခ်ကို အားကိုးပြီးတော့မှ အွန်လိုင်းကနေ ဘယ်သူမှ မသင်ကြဘူးလေ။ စတားလင့်ခ်ဖိုးပေးဖို့က မိဘတွေက မတတ်နိုင်ဘူး” လို့ ပြောပါတယ်။

ကြားကာလ ကျောင်းပေါင်း ၉၈ ကျောင်း ဖွင့်လှစ်ထားတဲ့ မကွေးတိုင်း၊ ဂန့်ဂေါမြို့နယ်မှာတော့ စာသင်ကျောင်းတွေ ပိတ်ထားတဲ့အတွက် Offline Tool တွေနဲ့ သင်ကြားရေး ဆက်လုပ်နိုင်ဖို့အတွက် ပြင်ဆင်နေတယ်လို့ သိရပါတယ်။

လက်ရှိမှာတော့ နေအိမ်အခြေပြုသင်ကြားရေးနဲ့ ပညာရေးဝန်ကြီးဌာနက ဖြန့်ဝေထားတဲ့ ဗီဒီယိုဖိုင်တွေနဲ့ သင်ကြားရေး အဆက်မပြတ်ဖို့  ကြိုးစားနေတယ်လို့ မြို့နယ်ပညာရေးဘုတ်အဖွဲ့ တာဝန်ရှိသူက ‌ပြောပါတယ်။

ဂန့်ဂေါမြို့နယ် ပညာရေးဘုတ်အဖွဲ့မှ ဆရာငြိမ်းသူရက “ပညာရေးဝန်ကြီးဌာနကနေမှ ဗီဒီယိုဖိုင်တွေ ပေးထားတာရှိတယ်၊ KG to G12 ပေါ့နော်၊ အဲဒီ ဗီဒီယိုဖိုင်တွေကို လောလောဆယ်တော့ ကျနော်တို့ နေအိမ်အခြေပြုသဘောမျိုးနဲ့ မိဘတွေနဲ့ ကလေးတွေနဲ့ လေ့လာလို့ရအောင် အဲဒါတွေကိုတော့ ကျောင်းအပြီးအစီးမှာ ဟိုးအရင်တည်းက ပေးဝေထားတာ ရှိပါတယ်ဗျ။ ဒါပေမဲ့ နယ်တွေဆိုတော့ နည်းပညာလက်လှမ်းမမီတာရော Face to face ဆရာ ဆရာမနဲ့ သင်ရမှ အားရတာရောကြောင့်မလို့ တချို့ကျောင်းသား ကျောင်းသူတွေကတော့ သင်ကြား သင်ယူမှုတွေ မလုပ်နိုင်ဘူးပေါ့” လို့ ပြောပါတယ်။

စစ်အာဏာသိမ်းပြီးနောက်ပိုင်း စစ်ကောင်စီတပ်ရဲ့ လက်နက်ကြီးပစ်ခတ်မှု လေကြောင်းတိုက်ခိုက်မှုတွေကြောင့် နိုင်ငံအနှံ့ စာသင်ကျောင်းပေါင်း ၃၃၃ ကျောင်း ပျက်စီးခဲ့တယ်လို့ DVB က ကောက်ယူထားတဲ့ အချက်အလက်တွေအရ သိရပါတယ်။

သီရိ

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024