DVB Logo
Home
မြန်မာသတင်း
နှင်းဖဲတောင်စခန်းကို AA သိမ်းပိုက်၊ စနိုက်ပါကြောင့် ဗျူဟာမှူးအပါအဝင် ၅ ဦး သေဆုံး
DVB
·
May 30, 2025
နှင်းဖဲတောင်စခန်းကို AA သိမ်းပိုက်၊ စနိုက်ပါကြောင့် ဗျူဟာမှူးအပါအဝင် ၅ ဦး သေဆုံး
Donate to DVB

ရခိုင်ပြည်နယ်၊ ကျောက်ဖြူမြို့နယ်က စစ်ကောင်စီရဲ့ နှင်းဖဲတောင် ကာကင်းစခန်းကို အာရက္ခတပ်တော် (AA) က သိမ်းပိုက်လိုက်ပြီလို့ သိရပါတယ်။

ကျောက်ဖြူအခြေစိုက် အမှတ် ၃၂ ရဲတပ်ရင်းရဲ့ ရှေ့တန်းကာကင်းစခန်းဖြစ်တဲ့ နှင်းဖဲတောင် စခန်းကို အာရက္ခတပ်တော်က မေ ၂၆ ရက်မှာ စတင်ထိုးစစ်ဆင် တိုက်ခိုက်ခဲ့တာဖြစ်ပြီး စစ်ကောင်စီဘက်က လေကြောင်း၊ ရေကြောင်း၊ လက်နက်ကြီး ပစ်ကူတွေ ပေးနေတဲ့ကြားက မေ ၂၉ ရက်မှာ သိမ်းပိုက်နိုင်ခဲ့တာလို့ စစ်ရေးသတင်းရင်းမြစ်က ပြောပါတယ်။

“စစ်ကောင်စီရဲ့ ကာကင်းစခန်းဖြစ်တဲ့ နှင်းဖဲတောင် ကာကင်းစခန်းကို အာရက္ခတပ်တော်က ဒီရက်ပိုင်းမှာ သိမ်းပိုက်နိုင်ခဲ့တာရှိတယ်။ အဓိကတော့ စစ်ကောင်စီက လေကြောင်း၊ ရေကြောင်းနဲ့ လက်နက်ကြီး ပစ်ကူတွေ ပေးနေတဲ့ကြားက စစ်ကောင်စီတပ်သားတွေဟာ AA ရဲ့ ထိုးစစ်ကို ခုခံနိုင်တာမျိုးမရှိဘဲ နှင်းဖဲတောင် ကာကင်းစခန်းကို လက်လွှတ်လိုက်ရတာ။ တချို့ကတော့ ၃၂ ရဲတပ်ရင်းဘက် ဆုတ်ပြေးသွားကြတာတွေလည်းရှိတယ်။”

လက်ရှိမှာ အမှတ် ၃၂ ရဲတပ်ရင်းရဲ့ ဝင်ပေါက်ဖြစ်တဲ့ ပြိုင်းစေ့ကေ့ကျေးရွာမှာ နှစ်ဖက်တိုက်ပွဲတွေ ဖြစ်ပွားနေကြပြီး စစ်ကောင်စီဘက်က လက်နက်ကြီးပစ်ကူတွေ ပေးနေတယ်လို့ သိရပါတယ်။

ဒါ့အပြင် မေ ၂၅ ရက်ကလည်း ကျောက်ဖြူမြို့နယ်မှာ အင်အားဖြည့်တင်းထားတဲ့ စစ်ကောင်စီရဲ့ တပ်မ ၁၁ က ဗျူဟာမှူး ဗိုလ်မှူးချုပ်ကျော်မျိုးအောင် အပါအဝင် ခမရ ၅၄၃ က ဗိုလ်ကြီးတယောက်နဲ့ တပ်ဖွဲ့ဝင် ၃ ယောက်လည်း အာရက္ခတပ်တော်ရဲ့ စနိုက်ပါထိပြီး သေဆုံးခဲ့ရတယ်လို့ စစ်ကောင်စီနဲ့ နီးစပ်သူတွေက ပြောပါတယ်။

“ကျောက်ဖြူမှာ ဗျူဟာမှူးအဆင့် ဗိုလ်မှူးချုပ်တဦးနဲ့ ဗိုလ်ကြီးတဦး နောက်ထပ်တပ်ဖွဲ့ဝင် ၃ ဦး ကျတယ်ဆိုတာ ဟုတ်တယ်။ အဓိကတော့ AA ရဲ့ စနိုက်ပါပစ်ခတ်ခံရပြီး သေသွားတာလို့ သိရတယ်။ ကျောက်ဖြူစစ်မျက်နှာကတော့ စစ်တပ်ဘက်က နောက်ဆုတ်ပေးနေရတဲ့ သဘောမှာရှိတယ်။”

လက်ရှိ တိုက်ပွဲ မြို့အနီးကို ရောက်ရှိလာတဲ့အတွက် ကျောက်ဖြူမြို့ပေါ်မှာရှိတဲ့ စစ်ကောင်စီရဲ့ ဝန်ထမ်းတချို့လည်း ပြည်မဘက်ကို ရွှေ့ပြောင်းနေကြပြီလို့ သိရပါတယ်။

ကျောက်ဖြူမြို့မှာ အာရက္ခတပ်တော်က ဖေဖော်ဝါရီလကတည်းက တိုက်ပွဲစတင်ဖော်ဆောင်ခဲ့တာဖြစ်ပြီး လက်ရှိမှာ OGT တရုတ်ဓာတ်ငွေ့ဖြန့်ချိရေး စက်ရုံနားအထိ ရောက်ရှိလာနေပြီး တရုတ်ဝန်ထမ်းတချို့လည်း ထွက်ခွာနေကြပြီလို့ သိရပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013