DVB Logo
Home
မြန်မာသတင်း
အမ်း-ပဒါန်းလမ်း နတ်ရေကန်တဝိုက်တွင် တိုက်ပွဲဖြစ်၊ MPT တာဝါကုန်းအနီးရောက်
DVB
·
May 30, 2025
အမ်း-ပဒါန်းလမ်း နတ်ရေကန်တဝိုက်တွင် တိုက်ပွဲဖြစ်၊ MPT တာဝါကုန်းအနီးရောက်
Donate to DVB

အမ်း-ပဒါန်းလမ်းပေါ်က နတ်ရေကန်တဝိုက်မှာ မေလ နောက်ဆုံးအပတ်ထဲ  တိုက်ပွဲတွေဖြစ်ပွားနေပြီး MPT တာဝါကုန်းနားအထိ ထိတွေ့မှုရှိခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

အနောက်ပိုင်းတိုင်းစစ်ဌာနချုပ် (နပခ) အခြေစိုက်ထားတဲ့ အမ်းမြို့ကို ၂၀၂၄ ခုနှစ်မှာ သိမ်းပိုက်ပြီးတဲ့နောက် ရခိုင်နဲ့ မကွေးအစပ်မှာ တိုက်ပွဲတွေ ဖြစ်ပွားလာတာပါ။

အဲဒီနောက်ပိုင်း အာရက္ခတပ်တော် (AA)၊ PRA (Magway) နဲ့ အရှိုချင်း CDF တို့ ပါဝင်တဲ့ ပူးပေါင်းတပ်တွေနဲ့ စစ်ကောင်စီတပ်တို့ဟာ ငဖဲမြို့နယ်ထဲမှာရှိတဲ့ နတ်ရေကန် လေကြောင်းရန်ကာကွယ်ရေးတပ် ဝန်းကျင်မှာ မကြာခဏ တိုက်ပွဲပြင်းထန်လေ့ရှိပါတယ်။

အခု မေလနောက်ဆုံးအပတ်မှာလည်း စစ်တပ်က ပဒါန်းမြို့ကနေ နတ်ရေကန်ဘက်ကို တပ်ကူပို့ စစ်ကြောင်းထိုးတာကြောင့် ထိတွေ့မှုပြန်ဖြစ်နေပြီး MPT တာဝါအနားအထိ တိုက်ပွဲတွေ ရောက်လာတယ်လို့ ဒေသခံတွေက ပြောပါတယ်။

ဒေသခံ စစ်ရှောင်အမျိုးသမီးတယောက်က “ပုံမှန်က အဲဒီလမ်းကတက်ရင် အမြဲတမ်း တိုက်ပွဲဖြစ်တယ်။ အဲမတိုင်ခင် ၂ ရက်လောက်က ၂ စီးဖြတ်သွားတာ။ ၃၊ ၄ စီးပေါ့၊ ၂ စီးမကဘူး။ ဘာမှတော့မဖြစ်ဘူး။ လွှတ်ပေးထားသလိုပေါ့။ အဲလိုလားမသိဘူး။ နောက်မှာကတော့ အစီး ၄၀ လောက်ရှိတယ် ပဒါန်းမှာ။ တာဝါတိုင်တို့ ဂုတ်ကြီးတို့နားမှာ‌တော့ တိုက်ပွဲတွေ တော်တော်ပြင်းပြင်းထန်ထန် ဖြစ်နေတယ်။ အခုက အခြေအနေတွေ မိုးတွေလည်း အရမ်းရွာတော့လေ အဲဘက်က၊ အခြေအနေက မသိရတာ။ ဖုန်းလိုင်းတွေလည်း သိပ်မကောင်းဘူး” လို့ ပြောပါတယ်။

ဒါ့အပြင် အမ်း-ပဒါန်းလမ်းပေါ်က ရွာတွေမှာ အိမ်စောင့်ကလွဲလို့ နေထိုင်သူ သိပ်မရှိတော့ဘဲ နတ်ရေကန်စခန်းနားက ဘုံးဘောရွာမှာလည်း အိမ်အတော်များများ မီးလောင်ပျက်စီးခဲ့ကြောင်း သူကပြောပါတယ်။

အခုရက်ပိုင်း တိုက်ပွဲတွေကြောင့် ပဇီရွာကနေ မီးခိုးလုံးတွေ တက်လာတာကို မြင်တွေ့ခဲ့ရပြီး အတည်မပြုနိုင်သေးတဲ့ သတင်းတွေအရ ရေနွယ်နဲ့ ဂုတ်ဝရွာတွေက ဒေသခံ ၁၀ ယောက်ထက် မနည်းကိုလည်း စစ်တပ်က ဖမ်းဆီးထားကြောင်း သိရပါတယ်။

ဒါ့အပြင် အရင်က ဂုတ်ကြီးရွာထဲ အထိုင်ချနေတဲ့ စစ်တပ်ဟာ လက်ရှိအချိန်မှာ ရွာနဲ့ မလှမ်းမကမ်းမှာရှိတဲ့ တောရဘုန်းကြီးကျောင်းမှာ ပြောင်းလဲတပ်စွဲနေကာ ရွာစောင့်ကျန်ခဲ့သူတွေကို ရက်တိုစစ်သင်တန်းပေးပြီး လုံခြုံရေးယူခိုင်းနေကြောင်း သိရပါတယ်။

စစ်ရေးလေ့လာသူ CDM ဗိုလ်ကြီးဇင်ယော်က “ သူတို့က ပဒါန်းတပ်နယ်ကို ကျမှာစိုးတဲ့အတွက် မလွန်တပ်နယ်၊ သရက်တပ်နယ်၊ တပ်နယ် ၃ ခုကိုပေါ့၊ တြိဂံပုံစံ အသွားအပြန် လွန်းထိုးပြီးတော့ ထိန်းချုပ်လာတဲ့ အနေအထားမျိုးတွေ တွေ့ရပါတယ်။ ပဒါန်းတပ်နယ်က နတ်ရေကန်စခန်းသာကျပြီး ပဒါန်းတပ်နယ်တခုလုံး ကျမယ်ဆိုရင် ကျနော်တို့ ဒီမကွေးတိုင်း အနောက်ခြမ်းကို အာရက္ခတပ်တော်နဲ့ ပူးပေါင်းတပ်ဖွဲ့တွေက လုံးဝထိန်းချုပ်သွားနိုင်တဲ့ အနေအထားမျိုး ဖြစ်သွားမယ်။ အဲဒါကြောင့် သူတို့က ပဒါန်းတပ်နယ်မကျရေးကို အသဲအသန် ခုခံနေတယ်လို့ ပြောရမှာ ဖြစ်ပါတယ်ဗျ” လို့ ပြောပါတယ်။

တိုက်ပွဲတွေဖြစ်တိုင်း ပဒါန်းအခြေစိုက် ဆုံကုန်းအမြောက်တပ်လို့ ခေါ်တဲ့ မစခ ၉၀၅ ကနေ လက်နက်ကြီးပစ်ကူ ပေးလေ့ရှိကြောင်း ဒေသခံတွေက ပြောပါတယ်။

ဒီကိစ္စတွေနဲ့ပတ်သက်လို့ သက်ဆိုင်ရာ တာဝန်ရှိသူတွေကို မေးမြန်းပေမဲ့ လတ်တလော မဖြေကြားနိုင်သေးကြောင်းသာ ပြောပါတယ်။

AA, PRA, CDF Asho ပါဝင်တဲ့ ပူးပေါင်းတပ်တွေဟာ နတ်ရေကန်စခန်းကို ပြီးခဲ့တဲ့ နှစ်ဆန်းပိုင်းမှာ စတင်တိုက်ခိုက်ခဲ့တာဖြစ်ပြီး အခုတကြိမ်မှာတော့ စစ်တပ်က ငလျင်ကြောင့် အပစ်ရပ်ထားချိန် ထိုးစစ်ဆင်လာတာ ဖြစ်ပါတယ်။

စိုးသူအောင်

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013