DVB Logo
Home
မြန်မာသတင်း
မြင်းခြံတွင် အညာမြေစစ်ဆင်ရေး ဆင်နွှဲနေ၊ စစ်တပ်က စစ်ကူအင်အား ၄၀၀ ကျော် ပို့ထား
DVB
·
May 30, 2025
မြင်းခြံတွင် အညာမြေစစ်ဆင်ရေး ဆင်နွှဲနေ၊ စစ်တပ်က စစ်ကူအင်အား ၄၀၀ ကျော် ပို့ထား
Donate to DVB

တော်လှန်ရေးတပ်ဖွဲ့တွေဘက်က အညာမြေစစ်ဆင်ရေး ဆင်နွှဲနေတဲ့ မြင်းခြံခရိုင်အတွင်းကို စစ်ကောင်စီဘက်က စစ်ကူအင်အား ၄၀၀ ကျော် ပေးပို့ထားပါတယ်။

မန္တလေးတိုင်း၊ မြင်းခြံခရိုင်အတွင်းမှာ မေ ၁၅ ရက်က စလို့ ၉ / အညာမြေ စစ်ဆင်ရေး ဆင်နွှဲနေပြီး စစ်ကောင်စီတပ် အထိုင်ချရာနေရာတွေ၊ ဓာတ်ငွေ့ပိုက်လိုင်း လုံခြုံရေးတပ်ဖွဲ့တွေနဲ့ တပ်စခန်းတွေကို တပြိုင်တည်း ထိုးစစ်ဆင် တိုက်ခိုက်နေတယ်လို့ ကာကွယ်ရေးတပ်ဖွဲ့ဝင်တွေက ပြောကြပါတယ်။

စစ်ဆင်ရေးစတင်တဲ့နေ့ကစလို့ မြင်းခြံမြို့နယ် ဆီမီးခုံရဲစခန်း၊ ကျောက်ပြုတ်ရွာပျူစခန်း၊ တောင်ရှေ့ဂိတ်အထိုင်စခန်း၊ မြင်းခြံမြို့ ၁၈ ရပ်ကွက်နဲ့ ခရိုင်ထွေအုပ်ရုံး၊ နွားထိုးကြီးမြို့နယ် ဂက်စ်ပိုက်လိုင်းနဲ့ မြို့မစခန်း၊ ဝက်လူးရဲစခန်း၊ ဇီရွာအနီးစစ်ကြောင်း၊ တောင်သာမြို့နယ် ထနောင်းကုန်းပျူရွာစခန်းနဲ့ မြို့ဝင်ဂိတ်၊ တောင်သာမြို့နယ် ဂက်စ်ပိုက်လိုင်း၊ ငါန်းဇွန်မြို့နယ် မြို့ဝင်ဂိတ်၊ မြို့သာဘဏ်စောင့်ကင်းစခန်း စတဲ့တပ်စခန်းတွေကို တိုက်ခိုက်နိုင်ခဲ့တယ်လို့ သိရပါတယ်။

တောင်သာမြို့နယ်က စစ်ကောင်စီတပ်စခန်း အများစုကို တိုက်ခိုက်နိုင်ပြီး မထိန်းထားနိုင်တဲ့ ထနောင်းကုန်းပျူရွာကိုတော့ စစ်ကောင်စီတပ်က ပြန်လည်အထိုင်ချထားတယ်လို့ မြင်းခြံခရိုင် အမှတ် ၃ တပ်ရင်း တာဝန်ရှိသူက ပြောပါတယ်။

“တောင်သာဘက် အခြေအနေကတော့ တောင်သာမြို့နယ် တမြို့နယ်လုံးကိုမှ ဘာကျန်မလဲဆိုရင် ကျောဇီရဲစခန်းကျန်မယ်၊ ရုံးပင်ရဲစခန်းကျန်မယ်၊ ဇကျမ်းရဲစခန်းကျန်မယ်၊ ဟိုနေ့က ထနောင်းကုန်းပျူရွာက ကျနော်တို့ ဝင်တိုက်ခဲ့တယ်ပေါ့။ အဲဒါတော့ အကုန်လုံးတော့ သိမ်းနိုင်ခဲ့တယ်။ လေကြောင်းရန်ကြောင့်ရယ်၊ သူတို့မိုင်းရန်ကြောင့်ရယ် ကျနော်တို့ ပြန်ပြီးတော့ ဆုတ်ခဲ့ပေးရတယ်။ အခုတော့ ဘန်ကာတွေ အသစ်ပြန်ဆောက်ပြီးတော့ အသစ်ပြန်ထိုင်နေတယ်လို့ သတင်းရတယ်။ ပြီးကျ တောင်သာမြို့ပေါ်ရယ် ဒါပဲကျန်တယ်။”

တိုက်ပွဲတွေအတွင်း လေကြောင်းတိုက်ခိုက်မှုနဲ့ လက်နက်ကြီးပစ်ခတ်မှုကြောင့် ခရိုင်အတွင်းက ပြည်သူ ၄ ယောက် သေဆုံးခဲ့ပြီး တိုက်ပွဲဖြစ်ပွားတဲ့ အနီးဝန်းကျင်ကျေးရွာတွေက ပြည်သူတွေ အရေးပေါ် ထွက်ပြေးတိမ်းရှောင်နေကြရတယ်လို့ ဒေခံတွေက ပြောပါတယ်။

မြင်းခြံခရိုင်အတွင်းက စစ်ကောင်စီတပ်စခန်းတွေ တိုက်ခိုက်ခဲ့ပြီးတဲ့နောက် မေ ၂၆ ရက်မှာ စစ်ကောင်စီက ရေလမ်းကနေ သင်္ဘော ၄ စီးနဲ့ ဆီမီးခုံဆိပ်ကမ်းကို လက်နက်၊ ရိက္ခာနဲ့ စစ်ကူတွေ ပေးပို့ခဲ့တယ်လို့ သိရပါတယ်။

စစ်ကောင်စီတပ်ကတော့ မြင်းခြံခရိုင်အတွင်းမှာ စစ်ကူအင်အား  ၄၀၀ ကျော်လောက် ပေးပို့ထားပြီး ကာကွယ်ရေးတပ်ဖွဲ့တွေဘက်ကတော့ မြို့သိမ်းတိုက်ပွဲတွေ ဖော်ဆောင်နိုင်တဲ့အထိ ဆောင်ရွက်သွားမယ်လို့‌ ပြောပါတယ်။

Myingyan Black Tiger မှ ဗိုလ်မိုက်ခဲက “အားပြိုင်တဲ့ သဘောမျိုးပေါ့၊  အားစမ်းတဲ့ သဘောမျိုးပေါ့၊ အဓိကက အညာဒေသမှာလည်း အချိန်တွေက တအားကြာခဲ့ပြီလေ၊ မြို့သိမ်းတိုက်ပွဲတွေက ဖော်ဆောင်သင့်ပြီ၊ အဲဒါကြောင့်လည်း ကျနော်တို့ အညာဒေသမှာ မကြာခင် မြို့သိမ်းတိုက်ပွဲတွေ ဖြစ်သွားနိုင်တဲ့ အနေအထားတွေလည်း ရှိတယ်၊ စစ်ကောင်စီဘက်က ပြန်လည်ထိုးစစ်ဆင်နိုင်တဲ့ အနေအထားတွေလည်း ရှိတယ်ဗျ၊ အခုတောင် သူတို့ အင်အားတွေ ၄၀၀ ကျော်လောက် ကျနော်တို့နယ်ဘက်တွေမှာ ရောက်နေတာရှိတယ်၊ ကျနော်တို့အားလုံးကိုတော့ ပြင်ဆင်ထားပြီးသားပါ၊ နောက်တခုက ဒီပွဲက သရေဆိုတာမရှိပါဘူး၊ အရှုံးနဲ့ အနိုင်ပဲ ရှိပါတယ်” လို့ ပြောပါတယ်။

၉ / အညာမြေစစ်ဆင်ရေးမှာ မြင်းခြံခရိုင် ကွန်မန်ဒိုတပ်ဖွဲ့၊ ခရိုင်အတွင်းက တပ်ရင်း ၁၀ ရင်း၊ မြင်းခြံ၊ တောင်သာ၊ နွားထိုးကြီး၊ ငါန်းဇွန် စတဲ့ မြို့နယ် ပြည်သူ့ကာကွယ်ရေးတပ် (ပကဖ) တွေနဲ့ ဒေသကာကွယ်ရေးတပ်ဖွဲ့တွေ ပါဝင်တယ်လို့ သိရပါတယ်။

သီရိ

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013