DVB Logo
Home
မြန်မာသတင်း
ဒုဗိုလ်ချုပ်ကြီးသန်းလှိုင်၏ သမက် ဗိုလ်ကြီးဇင်လင်းထွဋ်ကို တပ်တွင်း မုဒိမ်းမှုဖြင့် စစ်ဆေးနေ
DVB
·
May 30, 2025
ဒုဗိုလ်ချုပ်ကြီးသန်းလှိုင်၏ သမက် ဗိုလ်ကြီးဇင်လင်းထွဋ်ကို တပ်တွင်း မုဒိမ်းမှုဖြင့် စစ်ဆေးနေ
Donate to DVB

ကချင်ပြည်နယ်၊ မိုးညှင်းမြို့နယ် အမှတ် ၁၅ ခြေလျင်တပ်ရင်းမှာ  ဗိုလ်ကြီးတယောက်ရဲ့ ဇနီးကို မုဒိမ်းကျင့်ခဲ့တဲ့ ဒုတိယဗိုလ်ချုပ်ကြီးသန်းလှိုင်ရဲ့ သမက် ဗိုလ်ကြီးဇင်လင်းထွဋ်ကို စုံခုံဖွဲ့ စစ်ဆေးနေတယ်လို့ တပ်တွင်းသတင်းအရင်းအမြစ်တွေဆီက သိရပါတယ်။

မေလ အစောပိုင်းက တတပ်တည်းနေ ဗိုလ်ကြီးတယောက်ရဲ့ ဇနီးကို အရာရှိရိပ်သာကို လိမ်ခေါ်ကာ မုဒိမ်းကျင့်ခဲ့တဲ့ ခလရ ၁၅ မှ ဌာနခွဲမှူး ဗိုလ်ကြီးဇင်လင်းထွဋ်ကို ခင်ပွန်းဖြစ်သူဗိုလ်ကြီးက တိုင်ကြားခဲ့လို့ ကာကွယ်ရေးဦးစီးချုပ်ရုံးအထိ တိုင်ကြားခံရကာ အခုလို စစ်ဆေးခံရတာလို့ တပ်အသိုင်းအဝန်းနဲ့ နီးစပ်သူက ပြောပါတယ်။

“တခြားတပ်က မိန်းမကိစ္စနဲ့ နာမည်ပျက်ပြီး ခလရ ၁၅ ကို ရောက်လာတာ၊ ရောက်လာပြီးမကြာဘူး အပတ်စဥ်တူ ဗိုလ်ကြီးမိန်းမကို မုဒိမ်းကျင့်တာပဲ။ တပ်ရင်းမှူးက တပ်သိက္ခာကျမှာစိုးလို့ အတိုင်မခံဘူး။ ကျပ် သိန်း ၃၀ နဲ့ ညှိပေးတယ်။ ဗိုလ်ကြီးက လက်မခံဘဲ တိုင်လိုက်တာ။ တိုင်စာက အပေါ်ထိရောက်ပြီး အခု အဲ့ဗိုလ်ကြီးကို စစ်ဆေးနေတယ်။”

မုဒိမ်းမှုကိစ္စ ကာကွယ်ရေးဦးစီးချုပ်ရုံးကို တိုင်ကြားခဲ့တဲ့အတွက် တိုင်ကြားသူ ဗိုလ်ကြီးနဲ့ မျက်မြင်သက်သေတွေကို ခလရ ၁၅ တပ်ရင်းမှူး ဒုဗိုလ်မှူးကြီးဇော်သန်းနိုင်က ရှေ့တန်းပို့ပြီး ဇနီးဖြစ်သူနဲ့ ကလေးကိုလည်း တပ်ထဲက နှင်ထုတ်လိုက်တယ်လို့ ခလရ ၁၅ နဲ့ နီးစပ်သူက ပြောပါတယ်။

“မုဒိမ်းကျင့်တဲ့ကိစ္စမှာ ဒုတိုင်းမှူးတွေ၊ တပ်ဆွယ်မှူးတွေ၊ တပ်ရင်းမှူးတွေက ဘာလို့ လိုက်ကူညီပေးနေလဲဆိုတော့ ဗိုလ်ကြီးဇင်လင်းထွဋ်ရဲ့ မိန်းမ လှိုင်မှူးသက်က ဒုဗိုလ်ချုပ်ကြီးသန်းလှိုင်ရဲ့ သမီးဖြစ်နေလို့ပဲ။ စုံခုံပဲစစ်တာ မဖမ်းရဲဘူး။ အခု တပ်ထဲမှာ အဲ့ဗိုလ်ကြီးက တပ်မိသားစုဝင်တွေထဲက ဘယ်သူ့ကို ထပ်ပြီး မုဒိမ်းထပ်ကျင့်မလဲဆိုပြီး စိတ်ပူနေရတယ်။”

ခလရ ၁၅ မှာ တပ်ရင်းမှူး ဒုဗိုလ်မှူးကြီးဇော်သန်းနိုင်နဲ့ ဇနီးဖြစ်သူ ဒေါ်အေးအေးသိန်းတို့က မုဒိမ်းမှုကိစ္စနဲ့ သတင်း အပြင်မထုတ်ဖို့၊ တိုင်ကြားတဲ့ ဗိုလ်ကြီးဇနီးကို အဆက်အသွယ်မလုပ်ဖို့နဲ့ အခေါ်အပြောမလုပ်ဖို့ တပ်မိသားစုဝင်တွေကို ပြောဆိုထားတယ်လို့ သိရပါတယ်။

ဒီအမှုနဲ့ပတ်သတ်ပြီး အမှတ် ၉၀၄ အမြောက်စခန်းကွပ်ကဲမှုဌာနချုပ် လက်အောက်ခံ အမှတ် ၂၀၈ အမြောက်တပ်ရင်းက တပ်ရင်းမှူး ဒုဗိုလ်မှူးကြီးဝင်းနိုင် ဦးဆောင်ကာ စစ်ဆေးနေပါတယ်။

စစ်အာဏာသိမ်းစဥ်က ကစထ ၆ မှူး၊ ပြည်ထဲရေးဒုဝန်ကြီးနဲ့ ရဲချုပ်ဖြစ်ခဲ့တဲ့ ဒု-ဗိုလ်ချုပ်ကြီးသန်းလှိုင်ကို စစ်ခေါင်းဆောင်က ၂၀၂၂ ခုနှစ်မှာ အရန်အင်အားကို ပို့ဆောင်လိုက်တာ ဖြစ်ပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013