DVB Logo
Home
မြန်မာသတင်း
မြောက်ဦးတွင် ကိုယ်ဝန်ဆောင်အား အဓမ္မပြုကျင့်ရန် ကြံစည်မှုဖြင့် အမျိုးသား ၁ ဦး ဖမ်းဆီးခံရ
DVB
·
August 20, 2026
Photo: CJ
Photo: CJ
Donate to DVB

ရခိုင်ပြည်နယ်၊ မြောက်ဦးမြို့နယ်၊ ပေါက်ပင်ကွင်းကျေးရွာတွင် ကိုယ်ဝန်ဆောင် အမျိုးသမီးတယောက်အား အဓမ္မပြုကျင့်ဖို့ ကြံစည်မှု သံသယနဲ့ အမျိုးသားတယောက်အား ဒီလပ်တပ်ဖွဲ့က ဖမ်းဆီးထားကြောင်း ဒေသခံတွေနဲ့ ဒီလပ်နဲ့ နီးစပ်သူတွေဆီက သိရပါတယ်။

မြောက်ဦးမြို့နယ် ပေါက်ပင်ကွင်းကျေးရွာရှိ ကိုယ်ဝန် ၉ လရှိ အမျိုးသမီးတယောက်ကို တရွာတည်းနေ အမျိုးသားတယောက်က ကိုယ်ထိလက်ရောက်ကျူးလွန်းကာ အဓမ္မပြုကျင့်ဖို့ ကြံစည်ခဲ့တယ်ဆိုပြီး မြောက်ဦးမြို့နယ် အာရက္ခတပ်တော် (AA) ရဲ့ ဒီလပ်တပ်ဖွဲ့က ဖမ်းဆီးထားတာလို့ ပေါက်ပင်ကွင်းကျေးရွာသား တယောက်က ပြောပါတယ်။

“အခုဖမ်းဆီးခံထားရတဲ့သူက ပေါက်ပင်ကွင်းရွာ ဇာတိမဟုတ်ဘူး။ ဒီမှာ ရွှေ့ပြောင်းပြီး နေထိုင်နေကြတာ။ အဲဒီမှာ ဩဂုတ်လ ၁၇ ရက်နေ့က သူမိတ်ဆွေတဦးရဲ့ ကိုယ်ဝန် ၉ လနဲ့ အမျိုးသမီးကို ကိုယ်ထိလက်ရောက်ကျူးလွန်ပြီး အဓမ္မပြုကျင့်ဖို့ ကြံစည်တာ။ အမျိုးသမီးက ငြင်းဆန် အော်တာကြောင့် အဓမ္မမှုတော့ မမြောက်ခဲ့ဘူး။ လက်ရှိ ကိုယ်ဝန်ဆောင် အမျိုးသမီးက ဆေးရုံတက် ကုသနေရတယ်။ ကျူးလွန်သူ အမျိုးသားကိုတော့ ဒီလပ်က ဖမ်းဆီးသွားပြီ” လို့ ပြောပါတယ်။

လက်ရှိမှာ ကိုယ်ဝန်ဆောင် အမျိုးသမီးကို အဓမ္မပြုကျင့်ရန် ကြံစည်မှု သံသယနဲ့ ဖမ်းဆီးခံထားရသူမှာ မြောက်ဦးမြို့နယ် အိုးထိမ်းကျေးရွာသား ကိုဇော်မြင့်ထွန်း (၃၇ နှစ်)ဖြစ်ပြီး လက်ရှိ ပေါက်ပင်ကွင်းကျေးရွာမှာ နေထိုင်တာလို့ ကျေးရွာသားတွေက ပြောပါတယ်။

အမှုဖြစ်ပွားပြီးနောက် ကိုဇော်မြင့်ထွန်း မိသားစုဘက်က အမှုမဖွင့်ဘဲ ကျေအေးပေးဖို့ ကျေးရွာအုပ်ချုပ်ရေးမှူးကတဆင့် ကြိုးပမ်းခဲ့ရာကနေ ဒေသခံတွေအကြား ဝေဖန်မှုတွေ ပြင်းပြင်းထန်ထန် ထွက်ပေါ်လာပြီးနောက် ဒီလပ်တပ်ဖွဲ့က ဩဂုတ် ၁၉ ရက်မှာ ဖမ်းဆီးခဲ့တာလို့ သိရပါတယ်။

မြောက်ဦးမြို့ခံ အမျိုးသမီးတယောက်က “ကိုယ်ဝန် ၉ လနဲ့ မိခင်လောင်းတဦးကို ကိုယ်ထိလက်ရောက်စော်ကားပြီး အဓမ္မပြုကျင့်ဖို့ ကြိုးပမ်းတာဟာ အတော်လေးကို ယုတ်မာတဲ့ ရာဇဝတ်မှုကို ကျူးလွန်တာဖြစ်တယ်။ အခန့်မသင့်ရင် ကိုယ်ဝန်ဆောင် မိခင်ရော့ ဗိုက်ထဲက ကလေးပါ အသက်ဆုံးရှုံးသွားနိုင်တယ်။ လက်ရှိမှာလည်း ကိုယ်ဝန်ဆောင် မိခင်ဟာ ကိုယ်ထိလက်ရောက်မှု ဒဏ်ကြောင့် ဗိုက်နာကျင်လာလို့ ဆေးရုံတက် ကုသနေရတယ်လို့ ကျမတို့ သိထားရတယ်။ ကျမတို့ကတော့ ဒီလို မုဒိမ်းကောင်တွေကို ဥပဒေအရ လုံးဝသက်ညှာမှုမရှိစေဘဲ ထိရောက်တဲ့ အရေးယူမှုတွေ ပြုလုပ်ပေးစေချင်တယ်” လို့ ပြောပါတယ်။

လက်ရှိမှာ ဒီလပ်တပ်ဖွဲ့က အဓမ္မမှု ကျူးလွန်တယ်လို့ သံသယရှိသူ ကိုဇော်မြင့်ထွန်းကို ဖမ်းဆီးပြီး ဥပဒေနဲ့အညီ အရေးယူနိုင်ဖို့ လုပ်ထုံးလုပ်နည်းတွေနဲ့ အညီဆောင်ရွက်နေတယ်လို့ ဒီလပ်တပ်ဖွဲ့နဲ့ နီးစပ်သူတွေဆီက သိရပါတယ်။

ရခိုင်ပြည်နယ်မှာ ၂၀၂၆ ခုနှစ်အတွင်းမှာတင် မုဒိမ်းမှုနဲ့ သက်ငယ်မုဒိမ်းမှု ကျူလွန်းတဲ့ အမှုနဲ့ ကျူးလွန်းရန် ကြိုးပမ်းတဲ့အမှု ၁၀ အထိ ရှိလာပြီဖြစ်တာကြောင့် ဒေသခံတွေအကြား မုဒိမ်းမှု လျော့ကျနိုင်ဖို့နဲ့ တရားဥပဒေစိုးမိုးမှုအပေါ် အပြင်းအထန် ဝေဖန်နေကြပါတယ်။

ဇူလိုင်လအတွင်းက ပုဏ္ဏားကျွန်းမြို့နယ်က မိန်းကလေးငယ်တယောက်ကို လက်ထိတ်ခတ်ပြီး မုဒိမ်းကျင့် လူသတ်ခဲ့တဲ့ မုဒိမ်းမှု တရားခံတယောက်ကို AA က သေဒဏ်ချမှတ်ခဲ့ပြီး နောက်ထပ် ပူးပေါင်းကြံစည်သူ ၂ ယောက်ကိုလည်း ထောင်ဒဏ် နှစ် ၂၀ စီ ချမှတ်ခဲ့ကာ မုဒိမ်းတရားခံတွေ အားလုံးကို မလွတ်မြောက်စေရတဲ့ မူဝါဒ ချမှတ်ထားတယ်လို့ AA က ပြောထားပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013