
ရခိုင်ပြည်နယ်က အာရက္ခတပ်တော်ထိန်းချုပ်ထားတဲ့မြို့နယ်တွေမှာ သက်ငယ်မုဒိမ်းမှု၊ မုဒိမ်းမှု ပပျောက်ရေးနဲ့ လူသတ်မှုတွေအပါဝင် ရာဇဝတ်မှုတွေကို စစ်ဆေးရာမှာ မကြန့်ကြာစေဖို့ အထူးတရားရုံးတွေ ဖွင့်ပြီး စစ်ဆေးနေတယ်လို့ ရက္ခိုင်အမျိုးသားအဖွဲ့ချုပ်(ULA) ပါတီဗဟိုရုံး တာဝန်ရှိသူတွေက ပြောပါတယ်။
ရခိုင်ပြည်နယ်မှာ သက်ငယ်မုဒိမ်းမှု၊ မုဒိမ်းမှုနဲ့ မုဒိမ်းကျင့်လူသတ်မှုတွေ ဆက်တိုက် ဖြစ်နေတာတာကြောင့် အဲဒီရာဇဝတ်မှုတွေ လျော့ကျသွားစေဖို့နဲ့ တရားခွင်အတွင်း ကြန့်ကြာမှုမရှိစေဘဲ အမြန်ဆုံး အရေးယူ အပြစ်ပေးနိုင်ဖို့အတွက် ၂၀၂၆ ခုနှစ်၊ ဩဂုတ်လကစလို့ အထူးတရားရုံးဖွင့်ပြီး ဆောင်ရွက်နေပြီလို့ ULA ပါတီဗဟိုရုံးရဲ့ တာဝန်ရှိသူတယောက်ဖြစ်တဲ့ မလှမြခိုင် က ULA/AA လက်အောက်ခံမီဒီယာတခုဖြစ်တဲ့ အာရက္ခလူထုအသံနဲ့ ဩဂုတ် ၂၂ ရက်က သီးသန့် အင်တာဗျူးပြောကြားခဲ့တာ ဖြစ်ပါတယ်။
“ရက္ခိုင်အမျိုးသားအဖွဲ့ချုပ် (ULA)၊ အာရက္ခပြည်သူ့တော်လှန်ရေးအစိုးရ တရားဥပဒေစိုးမိုးရေးနဲ့ ပြည်သူ့လုံခြုံရေးဌာန (ဒီလပ်)အနေနဲ့ သက်ငယ်မုဒိမ်းမှု ကြိုတင်ကာကွယ်တားဆီးရေးနဲ့ လျော့ကျပပျောက်ရေးကို အထူးအလေးထား ဆောင်ရွက်နေပါတယ်။ ကျူးလွန်သူတွေကို ထိုက်တန်တဲ့ ပြစ်ဒဏ်ချမှတ်ရေးအတွက်လည်း အရေးတကြီး လုပ်ဆောင်လို့ ရှိနေပါတယ်။ အခု ၂၀၂၆ ခုနှစ် ဩဂုတ်လကစပြီးတော့ သက်ငယ်လူသတ်မုဒိမ်းမှု၊ အသက်ရောက် လူသတ် မုဒိမ်းမှုတွေနဲ့ လူသတ်မှု ပြစ်မှုကြီးတွေကို ကြန့်ကြာမှုမရှိစေအောင် အထူးတရားရုံးတွေ ဖွဲ့ပြီးတော့ အရေးယူဆောင်ရွက်လို့ ရှိနေပါတယ်” လို့ ပြောကြားခဲ့ပါတယ်။
ရက္ခိုင်အမျိုးသားအဖွဲ့(ULA)၊ အာရက္ခပြည်သူ့တော်လှန်ရေးအစိုးရ တရားဥပဒေစိုးမိုးရေးနဲ့ ပြည်သူ့လုံခြုံရေးဌာန(ဒီလပ်)အနေနဲ့ အာရက္ခပြည် လူ့အဖွဲ့အစည်းရဲ့ လုံခြုံရေးအတွက် ထိခိုက်အန္တရာယ်ဖြစ်စေတဲ့ အပြုအမူနဲ့ ပြစ်မှုကျူးလွန်သူတွေကို ပြတ်ပြတ်သားသား ထိထိရောက်ရောက် အရေးယူ အပြစ်ပေးသွားမယ်လို့ ပြောပါတယ်။
သက်ငယ်မုဒိမ်းမှုအတွက် အသက် ၁၂ အောက် ကလေးငယ်ကို မုဒိမ်းမှု ကျူးလွန်ရင် ထောင်ဒဏ်တသက် ဖြစ်စေ၊ ထောင်ဒဏ်နှစ် ၂၀ ဖြစ်စေ ချမှတ်ရမှာဖြစ်သလို၊ အမျိုးသမီးက ခွင့်ပြုသည်ဖြစ်စေ၊ မပြုသည်ဖြစ်စေ ၁၆ နှစ်အောက် အမျိုးသမီးကို လိင်ပိုင်းဆိုင်ရာ ကျူးလွန်ရင် မုဒိမ်းမှုဖြစ်ပြီး ထောင်ဒဏ်နှစ် ၂၀ ဆယ်ဖြစ်စေ၊ ၁၀ နှစ်ဖြစ်စေ၊ ဒါ့အပြင် ငွေဒဏ်ပါ ချမှတ်ရမှာ ဖြစ်ပြီး၊ မုဒိမ်းလူသတ်မှု ဆိုရင်တော့ သေဒဏ်ချမှတ်ရမှာဖြစ်ပြီး ငွေဒဏ်ပါ ချနိုင်တယ်လို့ ဥပဒေမှာ ပြဋ္ဌာန်းထားကြောင်းလည်း ပြောပါတယ်။
မြောက်ဦးမြို့က လူငယ်အမျိုးသမီးတယောက်က “အစိုးရအနေနဲ့ သက်ငယ်မုဒိမ်းမှု၊ မုဒိမ်းမှုနဲ့ မုဒိမ်း လူသတ်မှုတွေအတွက် အမှုတွေပပျောက်ရေးနဲ့ ကြန့်ကြာမှုမရှိစေရေးအတွက် အထူးတရားရုံးဖွဲ့ ဆောင်ရွက်နေတာကို ပြည်သူတယောက်အနေနဲ့ ကြိုဆိုပါတယ်။ ရာဇဝတ်တရားခံတွေကိုလည်း ပြစ်မှုနဲ့ ပြစ်ဒဏ်ကို ထိရောက်စွာ အရေးယူပေးစေချင်တယ်။ နောက် ပြည်သူတွေနဲ့ ကလေးငယ်တွေအပေါ် လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှုက လွတ်မြောက်ရေး ကြိုတင်ကာကွယ်နိုင်ဖို့ အသိပညာပေးမှုတွေကို အစိုးရအနေနဲ့ အရှိန်မြင့် လုပ်ဆောင်စေချင်တယ်” လို့ ပြောပါတယ်။
အာရက္ခမှုခင်းနဲ့ ဆက်စပ်သတင်းတွေ ထုတ်ပြန်ရေးအဖွဲ့နဲ့ ဒေသတွင်းမီဒီယာတွေရဲ့ ထုတ်ပြန် ဖော်ပြချက်တွေအရ ၂၀၂၆ ခုနှစ် ပထမ ၈ လအတွင်း ရခိုင်ပြည်နယ်က အာရက္ခတပ်တော်ထိန်းချုပ် မြို့နယ်တွေမှာ သက်ငယ်မုဒိမ်းမှု၊ မုဒိမ်းမှုနဲ့ မုဒိမ်းကျင့် လူသတ်မှု စုစုပေါင်း ၁၇ ခုအထိရှိပြီး အဲဒီအထဲမှာ ပုဏ္ဏားကျွန်းမြို့နယ်က မုဒိမ်း လူသတ်မှုတခုကိုပဲ ပြစ်ဒဏ်ချမှတ်နိုင်ပြီး မုဒိမ်းတရားခံ ၂ ယောက်လည်း ထွက်ပြေးလွတ်မြောက်နေဆဲလို့ သိရပါတယ်။
ဇူလိုင်လအတွင်းက ဖြစ်ပွားခဲ့တဲ့ ပုဏ္ဏားကျွန်းမြို့နယ်က မုဒိမ်းကျင့်လူသတ်မှုကို ULA/AA ရဲ့ စစ်တွေခရိုင်တရားရုံးက အဓိကတရားခံကို သေဒဏ်နဲ့ ပူးပေါင်းကူညီသူနှစ်ယောက်ကို ထောင်ဒဏ် နှစ် ၂၀ စီ ချမှတ်ခဲ့ပါတယ်။
ရခိုင်ပြည်နယ်အတွင်း မုဒိမ်းမှုတွေ ဆက်တိုက်ဖြစ်ပွားလာနေတာကြောင့် ဒေသခံတွေဟာ စိုးရိမ်နေကြရသလို တရားဥပဒေစိုးမိုးမှုအပေါ်မှာလည်း ဝေဖန်မှုတွေ မြင့်တက်နေပါတယ်။











