Home
မြန်မာသတင်း
ဖျာပုံတွင် ပင်လယ်လှိုင်းရိုက်ခတ်မှုကြောင့် နေအိမ်များ မျောပါခဲ့ပြီး ကမ်းပါးပြို
DVB
·
May 30, 2025
Photo: KKL
Photo: KKL
Photo: KKL

ဘင်္ဂလားပင်လယ်အော်မှာဖြစ်ပေါ်ခဲ့တဲ့ မုန်တိုင်းငယ်အရှိန်ကြောင့် ဧရာဝတီတိုင်း၊ ဖျာပုံခရိုင်၊ အမာမြို့၊ ဒေါ်ညိမ်းကျေးရွာအုပ်စုမှာ ပင်လယ်ရေ ၀င်ရောက်ပြီး နေအိမ်တွေ ရေမြုပ်တာ၊ ပြိုကျ မျောပါတာနဲ့ ကမ်းပါးပြိုကျတာတွေ ဖြစ်ပေါ်‌နေတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။ 

ပင်လယ်ကမ်းစပ်ကျေးရွာတွေဖြစ်တဲ့ ဒေါ်ညိမ်းရွာအပါအဝင် သောင်ခုံပေါ်က ဗန္ဓာပင်ရွာ၊ ခါးပြတ်ရွာနဲ့ သရက်ပင်ဆိပ်ကျေးရွာတွေမှာ မေ ၂၇ ရက်ကစပြီး ပင်လယ်ရေ ဝင်ရောက် တိုက်စားကာ မေ ၂၉ ရက်အထိ ရေမြုပ်နေသလို ကမ်းပါးပြိုတာတွေ ဖြစ်ပေါ်နေပါတယ်။

ဒေသခံတယောက်က “ပင်လယ်ရေဝင်ပြီး လှိုင်းရိုက်လို့ အိမ်တွေ ရေမြုပ်နေတာ။ မုန်တိုင်းအရှိန်ကြောင့် ပိုဆိုးနေတာ လို့ ထင်တယ်။ ပြိုကျ မျောပါတဲ့အိမ်တွေလည်း ရှိတယ်။ မနှစ်ကလည်း အခုလို ဖြစ်တာပဲ။ အခုက ပိုဆိုးတယ်”လို့ ပြောပါတယ်။ 

ကမ်းပါးပြိုမှုကြောင့် ရွာ ၃ ရွာက နေအိမ် ၁၇ လုံးခန့်ရေထဲ မျောပါသွားခဲ့ပြီး နေအိမ် ၁၁ လုံး ပျက်စီးခဲ့ပါတယ်။

အရပ်ဖက်သဘာဝဘေးကူညီကယ်ဆယ်ရေးလုပ်ငန်း ဆောင်ရွက်နေသူ တယောက်က “မိုးဇလက နေ နေ့စဉ်သတိပေးနေပါတယ်။ မုန်တိုင်းအရှိန်ကြောင့် လျှပ်တပျက် ရေကြီးတာ၊ မြေပြိုတာ နဲ့လေပြင်း အန္တရာယ်ကို သတိပြုဖို့ လိုပါတယ်။ မိုးဦးကာလဖြစ်တော့ လေပြင်းအန္တရာယ်  ပိုသတိပြုရမှာပါ”လို့ ပြောပါတယ်။

ဒါ့အပြင် မုန်တိုင်းငယ်ရဲ့အရှိန်ကြောင့် လပွတ္တာခရိုင်၊ မော်လမြိုင်ကျွန်းမြို့နယ်၊ လှိုင်းဘုန်း ကျေးရွာမှာ မေ ၂၈ ရက်က မိုးများပြီး လေပြင်း တိုက်ခတ်မှု ကြောင့် သစ်ပင်တွေ လဲကျခဲ့ပြီး နေအိမ် တလုံးပျက်စီးခဲ့ပါတယ်။ 

ဒါ့အပြင် လပွတ္တာမြို့နယ်မှာ မုန်တိုင်းရဲ့အရှိန်ကြောင့် မေ ၂၉ ရက်က ပင်လယ်ရေမြင့်တက်လာပြီး ပင်လယ်ကမ်းနားက အိမ်တွေ ရေမြုပ်ခဲ့သလို ဘိုကလေးမြို့နယ်၊ ဧရာကျေးရွာအုပ်စု၊ ရေကျော် ကြီးကျေးရွာမှာလည်း ပင်လယ်ရေဝင် ရောက်မှုကြောင့် နေအိမ်တွေ ရေမြုပ်ခဲ့တယ်လို့ သိရ ပါတယ်။

အလားတူ ဝါးခယ်မမြို့နယ်၊ လှေကျင်းရပ်ကွက်၊ လှေကျင်း (၅)လမ်းမှာ မေ ၃၀ ရက် မနက် ၄ နာရီခွဲလောက်က မိုးရွာသွန်းမှုနဲ့အတူ လေပြင်းတိုက်ခတ်မှုကြောင့် နေအိမ်ပေါ်သို့ သစ်ပင်လဲကျ ခဲ့တယ်လို့ သိရပါတယ်။

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024