
စစ်ကိုင်းတိုင်း၊ မုံရွာခရိုင်၊ ဘုတလင်မြို့နယ် တောင်ခြမ်းကို စစ်တပ်က မေ ၂၉ ရက် မနက် ၉ နာရီကျော်က မြေပြင်စစ်ကြောင်းထိုးလို့ ကျေးရွာ ၈ ရွာက ဒေသခံပြည်သူတွေ မိုးရွာထဲမှာ နေရပ်စွန့်ခွာ ထွက်ပြေးနေကြရတယ်လို့ ဒေသခံတွေဆီကနေ သိရပါတယ်။
ထွက်ပြေးနေကြရတဲ့ ကျေးရွာတွေဟာ မုံရွာ-ဘုတလင်သွား ကားလမ်းမကြီး ဘေးဝဲယာက နှောပင်ရိုး၊ ဇီးတော၊ မြို့ပေါ်၊ ရွှေချောင်းလည်၊ ထနောင်းကုန်း၊ ပိုးကုန်း၊ သရက်တိုရိုး၊ ရုံးတော၊ ကံသစ် စတဲ့ကျေးရွာက ပြည်သူတွေ နေရပ်စွန့်ခွာနေကြရတယ်လို့လည်း သိရပါတယ်။
ဇီးတောဒေသခံ ရွာသားတယောက်က “စစ်ကောင်စီက မုံရွာမြို့နယ်အတွင်း နမခကနေ ကြီးဗဒုံရွာဘက်ကို မနက်ခင်း ၉ နာရီ ၂၂ မိနစ်က စထွက်တယ်ဗျ။ အဲဒီ မုံရွာနယ် ကြီးဗဒုံရွာကနေ ဖန်းခါးကျင်းရွာကို ပစ်ခတ်ဝင်တယ်ဗျ။ မနက်ခင်း ၉ နာရီ ၅၉ မိနစ်ကျတော့ အဲဒီစစ်ကြောင်းက ပေါ်တော်မူဘုရားနဲ့ ဝက်ကုန်းကြားမှာ သေနတ်တွေပစ်ခတ်ပြီး ကျနော်တို့ ဘုတလင်မြို့နယ် ဇီးတောရွာဘက်ကို နေ့ခင်း ၁၁ နာရီ ၅၄ မိနစ်မှာ ဝင်ရောက်လာတယ်ဗျ။ ဇီးတောရွာကနေ ထနောင်းကုန်း၊ ကံသစ်ရွာတွေဘက် စစ်ကြောင်းထိုးနေတယ်။ ဘယ်ထိသွားမလဲဆိုတော့ ဘုတလင်မြို့ထိ သွားမယ်လို့ ယူဆရတယ်။ စစ်ကြောင်းကလည်း ကျနော်တို့ရွာတွေကို အကြိမ်ကြိမ်ဝင်နေတာဆိုတော့ ဒေသခံတွေက အတွေ့အကြုံရှိနေကြပြီဆိုတော့ စစ်ကြောင်းလှုပ်ကတည်းက အကုန် ရွာထဲကနေ ထွက်ပြေးနေကြရတယ်။ မိုးကလည်း အဆက်မပြတ် ရွာနေတယ်ဗျာ” လို့ ပြောပါတယ်။
စစ်ကောင်စီတပ်က ဘုတလင်မြို့နယ်တောင်ခြမ်း၊ အရှေ့တောင်ခြမ်းနဲ့ မုံရွာမြို့နယ်၊ အလုံမြို့နယ် စတဲ့ မြို့နယ်အတွင်းက ကျေးရွာတွေဆီကို မေ ၂၆ ရက်က စပြီး မေ ၂၉ ရက်အထိ နေ့ရောညပါ လက်နက်ကြီးတွေနဲ့ ပစ်ခတ်နေတယ်လို့လည်း သိရပါတယ်။
ဘုတလင်မြို့နယ် ပအဖ တာဝန်ရှိသူတယောက်က “စစ်တပ်ကတော့ နယ်မြေပြန်စိုးမိုးချင်လို့ စစ်ကြောင်းပြန်စလာတယ်လို့ ကျနော်ကတော့ ယူဆတယ်။ ဒီကောင်တွေ ပြင်ဆင်နေတာ ကြာနေပြီ။ အခုလောလောဆယ်တော့ တိုက်ပွဲက မဖြစ်သေးဘူး။ စစ်ကြောင်းက နေ့ခင်း ၁၁ နာရီကျော်မှာ ကံသစ်ရွာကို စစ်ကောင်စီ စစ်ကြောင်းက ရောက်နေပြီ။ ဘုတလင်မြို့အထိ သွားမလား၊ ကာကွယ်ရေးအဖွဲ့အလစ်ကို နောက်ကြောင်းပြန်ပတ်မလား ဆိုတာကိုတော့ စောင့်ကြည့်ရမယ်ဗျ။ သူတို့ နောက်ကြောင်းပြန်ပတ်မယ်ဆိုရင် ပုံမှန်သွားနေကြ မြို့ပေါ်ရွာကနေ ပြန်ပတ်နိုင်သလို ချင်းတွင်းမြစ်ကမ်းဘေး လမ်းအတိုင်းလည်း ပြန်ပတ်နိုင်တယ်။ ဒေသခံပြည်သူတွေနဲ့ ပြည်သူ့ကာကွယ်ရေးတပ်တွေ အနေနဲ့ အထူးဂရုပြု နေထိုင်ကြဖို့ပဲ နှိုးဆော်ချင်ပါတယ်” လို့ ပြောပါတယ်။
စစ်ကြောင်းဝင်ရောက်သွားတဲ့ ဇီးတောရွာ၊ မြို့ပေါ်ရွာ စတဲ့ကျေးရွာတွေကို စစ်တပ်က အကြိမ်ကြိမ် မီးရှို့တာကြောင့် ဒေသခံပြည်သူတွေ စားဝတ်နေရေး ခက်ခဲမှုတွေနဲ့ ရင်ဆိုင်နေကြရတယ်လို့လည်း သိရပါတယ်။