
စစ်ကိုင်းတိုင်း၊ ချောင်းဦးမြို့ရဲ့ တောင်ဘက် တမိုင်အကွာမှာရှိတဲ့ မှန်ချိုရွာကို စစ်တပ်က မေ ၂၉ ရက် ညနေ ၃ လောက်က လက်နက်ကြီးနဲ့ ပစ်ခတ်ခဲ့တာကြောင့် ဘုန်းကြီး ၁ ပါးထိခိုက်ပြီး နေအိမ်တလုံးနဲ့ ဘုန်းကြီးကျောင်း ပျက်စီးခဲ့တယ်လို့ မှန်ချိုရွာ ဒေသခံတွေဆီကနေ သိရပါတယ်။
မှန်ချိုရွာသားတယောက်က “ပစ်တာက များတယ်ဗျ။ ဘယ်ကနေပစ်တာလဲဆိုတော့ ချောင်းဦးမြို့ပေါ်ကလည်း ပစ်တယ်။ ငါန်းယှန်ရွာဘက် စခန်းကလည်း ပစ်တယ်ဗျ။ ရွာမြောက်ဘက်လည်း ကျတယ်။ ရွာအနောက်ဖျားလည်း ကျတယ်။ ဘုန်းကြီးကျောင်းထဲကတော့ လက်နက်ကြီး ၂ လုံး ကျတယ်။ ဘုန်းကြီးကျောင်းလည်း အတော်လေးပျက်စီးတယ်။ ဘုန်းကြီးလည်း ကျည်စထိမှန်ဒဏ်ရာ ရခဲ့တယ်ဗျ။ မှန်တာက ပေါင်ကိုမှန်တာပါ” လို့ ပြောပါတယ်။
ချောင်ဦးမြို့ပေါ်က စစ်ကောင်စီတပ်တွေနဲ့ ငါန်းယှန်ရွာအထိုင် စစ်ကောင်စီစခန်းကနေ လက်နက်ကြီးနဲ့ အိမ်ခြေ ၁,၀၀၀ ကျော်ရှိတဲ့ မှန်ချိုရွာကို ပစ်ခတ်လို့ လူနေအိမ်တွေလည်း ပျက်စီးခဲ့တယ်လို့ သိရပါတယ်။
ချောင်းဦး ပြည်သူ့ကာကွယ်ရေးတပ် ခေါင်းဆောင်တယောက်က “ဘာတိုက်ပွဲမှမရှိဘူ။ သူတို့ အဲလို ရမ်းသန်းပစ်လို့ ရွာကလူတွေ ရွာထဲမှာ တယောက်မှ မနေရဲကြဘဲ အကုန်ထွက်ပြေးနေရတယ်။ ကျနော်တို့ ရွာထဲဝင်တဲ့အချိန်မှာ လက်နက်ကြီးနဲ့ ပစ်ခတ်လို့ နောက်ပြန်ဆုတ်ခဲ့ရတယ်။ အပျက်အစီးကတော့ ကျနော်မြင်ခဲ့ရသလောက်ကတော့ အိမ်တလုံးနဲ့ ဘုန်းကြီးကျောင်းဆောင်တွေ ပျက်စီးတာ မြင်ခဲ့ရတယ်ဗျ။ ကျန်တဲ့ ပျက်စီးတဲ့အိမ်တွေလည်း ရှိနိုင်သေးတယ်” လို့ ပြောပါတယ်။
စစ်ကောင်စီတပ်က ပြီးခဲ့တဲ့ မေ ၁၂ ရက်ကလည်း မှန်ချိုရွာကို အကြောင်းမဲ့ လေယာဉ်အပါအဝင် လက်နက်ကြီးနဲ့ပါ ဗုံးကြဲပစ်ခတ်လို့ ပြည်သူ ၃ ယောက် သေဆုံးခဲ့ရတယ်လို့ သိရပါတယ်။