DVB Logo
Home
မြန်မာသတင်း
စလင်းမြို့နယ်၌ စစ်တပ်က ပြည်သူ ၆ ဦးကိုသတ်ပြီး နေအိမ် ၃,၀၀ ကျော် မီးရှို့ဖျက်ဆီး
DVB
·
May 30, 2025
စလင်းမြို့နယ်၌ စစ်တပ်က ပြည်သူ ၆ ဦးကိုသတ်ပြီး နေအိမ် ၃,၀၀ ကျော် မီးရှို့ဖျက်ဆီး
Donate to DVB

မကွေးတိုင်း၊ စလင်းမြို့နယ်ထဲမှာ မေ ၁၃ ရက်ကစပြီး စစ်ကြောင်းထိုးနေတဲ့ စစ်ကောင်စီတပ်က အရပ်သားပြည်သူ ၆ ယောက်ကို သတ်ဖြတ်မီးရှို့သွားခဲ့ကြသလို လူနေအိမ်တွေကိုလည်း မီးရှို့ဖျက်ဆီးခဲ့ကြလို့ နေအိမ် ၃၀၀ ကျော် မီးလောင်ပျက်စီးခဲ့ပါတယ်။

အဆိုပါ စစ်ကောင်စီစစ်ကြောင်းကိုလည်း ပြန်လည်တိုက်ခိုက်ခဲ့တဲ့အတွက် စစ်ကောင်စီတပ်ဖွဲ့ဝင် အများအပြား သေဆုံး ဒဏ်ရာရရှိခဲ့ကြတယ်လို့ မင်းဘူးခရိုင်အမှတ် ၅ တပ်ရင်းဆီကနေ သိရပါတယ်။

မင်းဘူးခရိုင် အမှတ် ၅ တပ်ရင်းရဲ့ ပြန်ကြားရေးတာဝန်ခံ ကိုဂျိုကာက “အဲဒီစစ်ကြောင်းမှာက ပခုက္ကူမြို့ တပ်မ ၁၀၁၊ ခလရ ၂၅၅ တပ်ရင်းနဲ့ ပျူစောထီးအင်အား ၂၅၀ ဝန်းကျင်ပါတယ်။ သူတို့စစ်ကြောင်းထိုးခဲ့တဲ့ ငါးသန်းခေါင်း၊ ဂွေးကုန်းနဲ့ စနေချောင်ရွာတွေက ပြည်သူ ၆ ယောက်ကို သတ်ဖြတ်မီးရှို့သွားတယ်။ အဲဒီ သတ်ဖြတ်ခံရတဲ့အထဲမှာ စစ်ဘေးရှောင်အမျိုးသမီးတွေ ပါသလို သက်ကြီးရွယ်အိုတွေလည်း ပါတယ်” လို့ ပြောပါတယ်။

အဆိုပါ စစ်ကောင်စီစစ်ကြောင်းက မီးရှို့ဖျက်ဆီးခဲ့တဲ့အတွက်လည်း ငါးသန်းခေါင်းကျေးရွာက လူနေအိမ်​ ၆၀ နီးပါး၊ စနေချောင်ကျေးရွာက လူနေအိမ် ၆၀ နီးပါး၊ ဂွေးကုန်းကျေးရွာက လူနေအိမ်​ ၉၀ နီးပါး၊ ကံသာကျေးရွာက လူနေအိမ် ၂ လုံးနဲ့ အိုးသည်ကျေးရွာက လူနေအိမ် ၁၀၀ နီးပါးတို့ မီးလောင်ပျက်စီးခဲ့ကြတယ်လို့လည်း မင်းဘူးခရိုင် အမှတ် ၅ တပ်ရင်းရဲ့ ပြန်ကြားရေးတာဝန်ခံက ပြောပါတယ်။

စစ်ကောင်စီစစ်ကြောင်းဟာ မေ ၁၃ ရက်ကစပြီး စလင်းမြို့နယ်ထဲကို စစ်ကြောင်းထိုး ဝင်ရောက်လာစဥ် ကျေးရွာတွေထဲကို လက်နက်ကြီးတွေအပြင် ဒရုန်းတွေနဲ့ပါ ဦးစွာ ပစ်ခတ်တိုက်ခိုက်ခဲ့ကြတယ်လို့ ဆိုပါတယ်။

မင်းဘူးခရိုင် အမှတ် ၅ တပ်ရင်းက တပ်ရင်းမှူး ရဲဘော်မိုးကြိုးက “သူတို့ စစ်ကြောင်းထိုးတာ ၂ ပတ်နီးပါးကြာတယ်။ အဲဒီရက်တွေထဲမှာ သူတို့စစ်ကြောင်းကို အခွင့်ရရင်ရသလို တိုက်ခိုက်ခဲ့ကြလို့ သူတို့ဘက်က အရာရှိတွေ အပါအဝင် ၃၀ နီးပါးလောက် သေတယ်။ မိုင်းမိလို့ ဒဏ်ရာရတဲ့ကောင်တွေလည်း အများအပြားရှိလို့ လင်းဇင်းရဲစခန်းထဲမှာ အထိုင်ချနေကြတယ်။ တိုက်ပွဲပြင်းထန်ခဲ့တဲ့ ရက်တွေထဲမှာ သူတို့ဘက်က လေကြောင်းပစ်ကူ ၂ ခါလာတယ်” လို့ DVB ကို ပြောပါတယ်။

တိုက်ပွဲတွေဟာ မေ ၁၃ ရက်ကနေ ၂၅ ရက်အထိ ဖြစ်ပွားခဲ့ပြီး ပြည်သူ့ကာကွယ်ရေး မဟာမိတ်တပ်ပေါင်းစုတွေဘက်က ရဲဘော်တယောက် ကျဆုံးခဲ့သလို မစိုးရိမ်ရတဲ့ ဒဏ်ရာရရှိခဲ့ကြသူ တချို့လည်း ရှိခဲ့တယ်လို့ သူက ဆက်ပြောပါတယ်။

ပြည်သူတွေကို သတ်ဖြတ်ကာ လူနေအိမ်တွေကို မီးရှို့ဖျက်ဆီးသွားကြတဲ့ စစ်ကောင်စီစစ်ကြောင်းကို မင်းဘူးခရိုင် အမှတ် ၅ တပ်ရင်းနဲ့အတူ မကွေးတိုင်း အထူးလှုပ်ရှားတပ်ရင်း SR7၊ မကွေး ပကဖ စစ်ကြောင်း (Yenanthar Column)၊ စလင်းမြို့နယ်ပကဖ၊ ပခုက္ကူခရိုင် အမှတ် ၁၉ တပ်ရင်း၊ Bamar Army နဲ့ ပေါက်တောင်ပိုင်း ကျန်းမာရေးနဲ့ သူနာပြုအဖွဲ့တို့ ပူးပေါင်းတိုက်ခိုက်ခဲ့ကြတာ ဖြစ်တယ်လို့လည်း ဆိုပါတယ်။

အဆိုပါဖြစ်စဥ်တွေနဲ့ ပတ်သက်ပြီး အာဏာသိမ်းစစ်ကောင်စီတပ်ဘက်ကတော့ သတင်းတစုံတရာ ထုတ်ပြန်လာတာ မတွေ့ရသေးပါဘူး။

ပြည်သူတွေအနေနဲ့လည်း ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေဘက်က ထုတ်ပြန်တဲ့ စစ်ရေးသတင်းတွေနဲ့ လေကြောင်းရန်အန္တရာယ်တွေကို အစဥ်တစိုက် လိုက်နာဆောင်ရွက်ကြဖို့ တိုက်တွန်းထားတယ်လို့လည်း ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေဆီကနေ သိရပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013