ကရင်ပြည်နယ်၊ လှိုင်းဘွဲမြို့နယ်၊ ကြာအင်းခေတ်မီစံပြကျေးရွာမှာ ကရင်နယ်ခြားစောင့်တပ် (BGF/ KNA) ခေါင်းဆောင် ဗိုလ်မှူးကြီးစောချစ်သူ မိသားစုက ဦးစီးဆောက်လုပ်လှူဒါန်းထားတဲ့ အခြေခံပညာ အထက်တန်း ၃ ထပ်ကျောင်းဆောင်သစ်ကို မေ ၂၉ ရက်မှာ ဖွင့်လှစ်လိုက်ပါတယ်။
အနာဂတ် လူငယ်မောင်မယ်တွေ ခေတ်မီပညာရပ်တွေ သင်ကြားနိုင်ရေး ရည်ရွယ်ချက်နဲ့ ကျပ်ငွေသိန်းပေါင်း ၄၀,၀၀၀ ကျော် အကုန်အကျခံကာ အထက်တန်းကျောင်းဆောင်သစ်ကြီးကို ဒေါနတောင်တန်းအရိပ်အောက်က ကျေးရွာတရွာဖြစ်တဲ့ ကြာအင်းခေတ်မီစံပြကျေးရွာမှာ ဖွင့်လှစ်လိုက်တာလို့ ဆိုပါတယ်။
အဆိုပါစာသင်ကျောင်းမှာ ကျောင်းသားကျောင်းသူ ထောင်ဂဏန်းနီးပါး ပညာသင်ကြားနိုင်ပြီး ခေတ်မီနည်းပညာပစ္စည်းတွေနဲ့ သင်ထောက်ကူပစ္စည်းတွေပါရှိတဲ့ ခေတ်မီကျောင်းကြီးဖြစ်တယ်လို့ ဖွင့်ပွဲတက်ရောက်ခဲ့တဲ့ ကျောင်းသားမိဘတယောက်က ပြောပါတယ်။
ကရင်ပြည်နယ်၊ နယ်ခြားစောင့်တပ် (BGF/KNA) ခေါင်းဆောင် ဗိုလ်မှူးကြီး စောချစ်သူနဲ့ သား ၂ ယောက်တို့ကို ကျားဖြန့် အွန်လိုင်းငွေလိမ်ဂိုဏ်းတွေနဲ့ ဆက်စပ်ပတ်သက်နေတယ်ဆိုပြီး အမေရိကန်အစိုးရက မေ ၅ ရက်မှာ ပိတ်ဆို့ဒဏ်ခတ် အရေးယူထားပါတယ်။