
ထိုင်းနိုင်ငံအတွင်း ရဲတပ်ဖွဲ့ရဲ့ စီးနင်းဖမ်းဆီးမှုတခုမှာ ဘတ်ငွေ သန်း ၃၀ ကျော် တန်ဖိုးရှိ ချောင်းဆိုးပျောက် ဆေးဝါးအတု ပုလင်းပေါင်း ၁ သိန်းကျော်နဲ့ စက်ပစ္စည်းကိရိယာတွေကို သိမ်းဆည်း ရမိခဲ့တယ်လို့ Khaosod ထိုင်းသတင်းမှာ ဖော်ပြပါတယ်။
ဇွန် ၂၄ ရက်က ထိုင်း ရဲတပ်ဖွဲ့နဲ့ စားသောက်ကုန်နှင့် ဆေးဝါးကွပ်ကဲရေးဦးစီးဌာန (FDA) တာဝန်ရှိသူ တွေနဲ့ ပူးပေါင်းပြီး ပသုမ်ဌာနီခရိုင်ရှိ နေရာ ၄ ခုကို ဝင်ရောက်စီးနင်းခဲ့ကာ ချောင်းဆိုး ပျောက်ဆေးရည်အတု ထုတ်လုပ်တဲ့ အဓိကကွန်ရက်ကြီးတခုကို ဖြိုခွင်းနိုင်ခဲ့တာလို့ ဆိုပါတယ်။
ပထမဆုံးနေရာတခု ဖြစ်တဲ့ ကလောင်လွမ်၊ ကလောင်ဟုတ်တိုက်နယ်ရှိ ဆေးဝါးတု သိုလှောင်ရုံနဲ့ ဖြန့်ဖြူးရေးစခန်းနေရာကို ရဲတပ်ဖွဲ့ဝင်တွေက ဝင်စီးနင်းရာမှာ လူသိမျာတဲ့ ကုန်အမှတ်တံဆိပ်တခုကို အတုပြုလုပ်ထားတဲ့ ချောင်းဆိုးပျောက်ဆေးရည် ပုလင်းပေါင်း ၁၂၇,၉၀၀ ၊ ပလတ်စတစ် ပုလင်းခွံ ၆,၈၀၀ နဲ့ စတီးလ်ပြုတ်အိုးအကြီး ၂ လုံးတို့ကို သိမ်းဆည်းခဲ့ပါတယ်။
ထုတ်လုပ်ရေးစက်ရုံအဖြစ် အသုံးပြုတဲ့ ဒုတိယနေရာဖြစ်တဲ့ လမ်လုက္ကာမှာတော့ အသင့် ထုတ်လုပ်ပြီးသား ပုလင်းပေါင်း ၁၁,၄၀၀ ၊ ထုတ်လုပ်ဆဲ ပုလင်းပေါင်း ၄,၀၈၆ လုံးနဲ့ ၁,၂၅၀ လီတာဆံ့ ဓာတုအရည်ကန်ကြီး ၂ ကန်တို့ကို တွေ့ရှိခဲ့သလို တံဆိပ်အတု ၁၁၄,၁၆၅ ခု၊ ထုပ်ပိုးမှု ပစ္စည်း ၁၂၅,၉၃၇ ခု၊ စက်ပစ္စည်း ၂၈ ခုနဲ့ ကုန်ကြမ်းပစ္စည်း ၈၀၀ ကျော်ကိုလည်း သိမ်းဆည်း ရမိခဲ့တယ်လို့ဆိုပါတယ်။
သန်ယာဘူရီခရိုင်၊ ရန်ဆစ်ရှိ တတိယမြောက်နေရာမှာတော့ တံဆိပ်အတု ၁၈,၀၉၀ ခုနဲ့ ထုတ်လုပ်မှုမှာ အသုံးပြုတဲ့ ရေပုံးပေါင်း ၂၄၀ ကို တွေ့ရှိခဲ့ကာ ရန်ဆစ်ရှိ စတုတ္ထမြောက်နေရာ မှာလည်း ချောင်းဆိုးပျောက်ဆေးရည်အတု ပုလင်း ၁၀၀ ၊ တံဆိပ်အတု ၂၉၇,၁၅၀ ခု၊ အနီရောင် အရည် ၁ ပုံး၊ စာတန်းပါ အဖုံး ၇,၀၀၀ နဲ့ ဂတ်စ်မီးဖိုခေါင်း ၃ ခုတို့ကို သိမ်းဆည်းရမိခဲ့ပါတယ်။
အဆိုပါ နေရာ ၄ နေရာကနေ စုစုပေါင်း ချောင်းဆိုးပျောက်ဆေးရည် အသင့်ထုတ်ပြီးသား ပုလင်းပေါင်း ၁၃၉, ၄၀၀ ၊ ထုတ်လုပ်ဆဲ ပုလင်း ၄,၀၈၆ လုံးနဲ့ တံဆိပ်အတု ၄၂၉,၄၀၅ ခုတို့ကို ဆက်စပ်ပစ္စည်းတွေနဲ့အတူ သိမ်းဆည်းရမိခဲ့ပြီး စုစုပေါင်းတန်ဖိုးမှာ ဘတ် သန်း ၃၀ ကျော်ရှိမယ်လို့ ခန့်မှန်းပါတယ်။
စုံစမ်းစစ်ဆေးသူတွေရဲ့ ပြောကြားချက်အရ အဆိုပါ ချောင်းဆိုးပျောက်ဆေးရည်နဲ့ တချို့သော ဆေးရည်တွေကို ဘိန်းစာရွက်အရည်နဲ့ ရောစပ်ကာ စိတ်ကိုပြောင်းလဲစေတဲ့ သောက်စရာတမျိုး အဖြစ် လွဲမှားစွာ အသုံးပြုနေကြကြောင်းနဲ့ အဆိုပါအရည်ဟာ မူးယစ်ထုံမှိုင်းတဲ့ အာနိသင်ကို လိုလားတဲ့ လူငယ်တချို့ သုံးစွဲနေတယ်လို့ဆိုပါတယ်။
ရဲတပ်ဖွဲ့ရဲ့ စုံစမ်းသိရှိချက်အရ အဆိုပါကွန်ရက်ဟာ ဓာတုပစ္စည်းတွေ၊ ထုပ်ပိုးပစ္စည်းတွေနဲ့ ကုန်ကြမ်းတွေကို ကုန်ပံ့ပိုးသူ အများအပြားထံမှ ရယူခဲ့ပြီး အဖမ်းမခံရစေဖို့ ထုတ်လုပ်မှုနေရာကို မကြာခဏ ပြောင်းရွှေ့ခဲ့ကြောင်း၊ ဒီအုပ်စုဟာ အရင်ကလည်း အလားတူပြစ်မှုတွေမှာ ပါဝင် ပတ်သက်ခဲ့ဖူးပေမဲ့ ဥပဒေအရ အရေးယူနေတဲ့ကြားကနေ တရားမဝင် လုပ်ငန်းတွေကို ဆက်လက် လုပ်ကိုင်နေတာလို့ သိရပါတယ်။
ဒီလုပ်ဆောင်မှုတွေဟာ ဆေးဝါးဆိုင်ရာ အက်ဥပဒေအရ ပြစ်မှုမြောက်ပြီး လိုင်စင်မရှိဘဲ ခေတ်မီ ဆေးဝါးတွေ ထုတ်လုပ်မှုအတွက် ထောင်ဒဏ် ၅ နှစ်အထိနဲ့ ငွေဒဏ် ဘတ် ၁၀,၀၀၀ အထိ ချမှတ် နိုင်ကာ ဆေးဝါးအတုတွေ ထုတ်လုပ်ရောင်းချမှုအတွက် ထောင်ဒဏ် ၃ နှစ်မှ တသက်တကျွန်းအထိနဲ့ ငွေဒဏ် ဘတ် ၁၀,၀၀၀ မှ ၅၀,၀၀၀ အထိ ပြစ်ဒဏ်တွေ ကျခံရနိုင်တယ်လို့ ထိုင်းအာဏာပိုင်တွေရဲ့ ပြောကြားချက်အရ သိရပါတယ်။
ထိုင်း FDA အထွေထွေအတွင်းရေးမှူးချုပ် ဖန်ဖတ်ထရာ ဘွန်ဆာမ်းက မိဘပြည်သူတွေအနေနဲ့ ကလေးငယ်တွေ ချောင်းဆိုးပျောက်ဆေးနဲ့ အအေးမိဓာတ်မတည့်တဲ့အခါသောက်တဲ့ ဆေးတွေကို လွဲမှားစွာ အသုံးမပြုမိစေဖို့ ဘိန်းစာရွက်ရည်နဲ့ ရောမသောက်ဖို့ သတိပေး တိုက်တွန်းထားပါတယ်။
ဒီလုပ်ရပ်ဟာ မူးယစ်ဆေးဝါး အလွဲသုံးစွဲမှုဆီသို့ ဦးတည်သွားစေနိုင်ရုံသာမက၊ သန့်ရှင်းမှုမရှိတဲ့ တရားမဝင် စက်ရုံတွေမှာ ထုတ်လုပ်တဲ့ ဆေးဝါးအတုတွေဟာ ပိုးမွှားတွေနဲ့ အန္တရာယ်ရှိတဲ့ ဒြပ်ပစ္စည်းတွေနဲ့ မသန့်စင်ဘဲ ပါဝင်နေနိုင်လို့ ကျန်းမာရေးကို ပြင်းထန်စွာ ထိခိုက်စေနိုင်တယ်လို့ သတိပေးထားပါတယ်။
ထိုင်းရဲချုပ် နတ်တဆက် ချောင်ဝါနာချိုင်းကလည်း ဆေးဝါးအတုတွေကို သောက်သုံးမိပါက ကုသမှု ထိရောက်မှုမရှိတာ၊ ရောဂါအခြေအနေ ပိုမိုဆိုးရွားလာတာ ဒါမှမဟုတ် သေဆုံးတဲ့အထိ ဖြစ်ပွားနိုင်ကြောင်း ဖြည့်စွက်ပြောကြားခဲ့ကာ၊ ဆေးဝါးတွေရဲ့ ဘေးကင်းလုံခြုံမှုနဲ့ စံချိန်စံညွှန်းတွေ ပြည့်မီစေဖို့ မှန်ကန်တဲ့ လိုင်စင်ရရှိထားဖို့ မရှိမဖြစ် လိုအပ်ကြောင်း ပြောသွားပါတယ်။
Source: Khaosod










